ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီက ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ပြင်ဆင်ထားတဲ့အခြေအနေတွေကို သွားရောက်လေ့လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ တောင်းဆိုထားတဲ့ နိုင်ငံသားအခွင့်အရေးတွေရဖို့၊ ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုဖို့နဲ့ မူရင်းနေရပ်က ကျေးရွာတွေမှာ ပြန်လည်အခြေချခွင့်ရဖို့ ကတိကဝတ် တွေ မရရင် နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News ကို ပြောကြားပါတယ်။
မေလ ၅ ရက်နေ့ မနေ့က ဘင်္ဂလားဒေ့ရှ်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တာဝန်ရှိသူတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ဒုက္ခသည်တွေ ပြန်လက်ခံရေး စစ်ကောင်စီက ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက်မှာ အခုလို ပြောကြားတာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ စစ်ကောင်စီက ပြင်ဆင်ထားတဲ့ အခြေအနေတွေအပေါ်မှာ စိတ်ကျေနပ်မှုမရှိဘူးလို့ အဲဒီကို သွားရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောကြောင်းလည်း တူရကီ သတင်းဌာန Anadolu က ဖော်ပြပါတယ်။
ဒုက္ခသည်တွေအနေနဲ့ နိုင်ငံသား အခွင့်အရေး အပြည့်အဝရဖို့နဲ့ သူတို့ မူရင်းနေထိုင်ခဲ့တဲ့ ဒေသတွေမှာ ပြန်အခြေချခွင့်ပေးဖို့ အချက်တွေကို အာမခံချက်ရှိဖို့ တောင်းဆိုထားကြောင်း၊ မြန်မာအာဏာပိုင်တွေဘက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့် ပေးမယ်လို့ ကတိကဝတ်မပေးထားတဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေး နဲ့ နေရပ်ပြန်ပို့ရေး မဟာမင်းကြီး မိုဟာမက် ရာမန်က ပြောကြားကြောင်း တူရကီ သတင်းဌာနက ဖော်ပြပါတယ်။