စစ်အစိုးရတင်းကျပ်မှုများကြောင့် ထွက်ပြေးသော ရိုဟင်ဂျာများ ထိုင်းသို့ရောက်ရှိ

ထိုင်းနိုင်ငံတောင်ပိုင်းကို ဇန်နဝါရီ ၂၂ နဲ့ ၂၃ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေက ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေတွေဟာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအပြီး ဘာသာရေး နိုင်ငံရေး တင်းကျပ်မှုတွေ ရှိလာတဲ့အတွက် ပွဲစားတွေက တဆင့် မလေးရှားကို လာရောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
2011-01-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းနိုင်ငံ ခိုဆိုင်ဘိတ်ကျွန်းပေါ်တွင် ထိုင်းစစ်တပ် အစောင့်အကြပ်ဖြင့် ထားရှိသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများကို ၂၀ဝ၈ ခုနှစ်ကုန်ပိုင်း၌ ဟောင်ကောင်မှ ဆောက်ချိုင်းနား မောနင်းပို့စ် သတင်းစာမှ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP / South China Morning Post)
ထိုင်းနိုင်ငံ ခိုဆိုင်ဘိတ်ကျွန်းပေါ်တွင် ထိုင်းစစ်တပ် အစောင့်အကြပ်ဖြင့် ထားရှိသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများကို ၂၀ဝ၈ ခုနှစ်ကုန်ပိုင်း၌ ဟောင်ကောင်မှ ဆောက်ချိုင်းနား မောနင်းပို့စ် သတင်းစာမှ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP / South China Morning Post)
(Photo: AFP / South China Morning Post)

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Arakan Project အဖွဲ့ က Chris Lewa က ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စဉ်က ရိုဟင်ဂျာတွေအပေါ် အာဏာပိုင်တွေက ယာယီမှတ်ပုံတင်တွေ ထုတ်ပေးတာ၊ ပလီတွေ ပြင်ဆင်ခွင့်ပေးတာ စတဲ့ ကန့်သတ်ချက်တွေ လျှော့ပေးခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီး ဒီကန့်သတ်ချက်တွေ ပြန်လည် ကျင့်သုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် အလျှော့ပေးမှုတွေကြောင့် ရိုဟင်ဂျာတွေအကြား မျှော်လင့်ချက် အများကြီး ရှိခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာပါ ဒီလို အတွေးအခေါ်တွေ ဖြစ်ခဲ့ကြောင်း၊ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက အသိအမှတ်ပြုမယ်လို့ ထင်ခဲ့ကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး ဖိနှိပ် ကန့်သတ်မှုတွေ ပြန်ရှိလာခဲ့ကြောင်း Ms. Chris Lewa က ပြောပါတယ်။
ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၉၁ ဦးပါတဲ့ လှေတစီးကို ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံ ထရန်းခရိုင် ကန်ထန်းမြို့နယ်က ပင်လယ်ကမ်းခြေကို ရောက်လာခဲ့ပြီး ထိုင်းရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။ နောက်ရက် တနင်္ဂနွေနေ့မှာ လူ ၆၇ ဦးပါ ဒုတိယမြောက် ရိုဟင်ဂျာဒုက္ခသည် လှေတစီး ဆထွန်းခရိုင် ကမ်းခြေတခုမှာ ထိုင်းအာဏာပိုင်တွေက တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
လောလောဆယ် လှေ ၂ စီးပေါ်က ရိုဟင်ဂျာတွေကို တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်မှုနဲ့ ထိုင်း ရေကြောင်းရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးခဲ့ပြီး မလေးရှားနယ်စပ် ဆောင်ခလ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ကို လွှဲပြောင်းပေးပို့ထားပါတယ်။ သူတို့ကို လာရင်းနိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့