ဆီးရီးယားရှိ IS အဖွဲ့ဝင်ဖို့သွားတဲ့ ရိုဟင်ဂျာ အိန္ဒိယမှာ ဖမ်းမိ

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို အိန္ဒိယကတဆင့် အနောက်အာရှတိုက်ပို့ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် လူမှောင်ခိုဂိုဏ်းတစ်ခုကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒီကနေ့ထုတ်တဲ့ The Times of India သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

လူမှောင်ခိုဂိုဏ်းက ပို့ဆောင်ပေးတဲ့ Syed Omar Farooq ဆိုသူလူငယ်တယောက်ကို အိန္ဒိယရဲတွေက ဒီရက်ပိုင်း ဖမ်းမိခဲ့ရာမှာ အဲ့ဒီလူဟာ ဆီးရီးယားနိုင်ငံက IS မွတ်စလင်စစ်သွေးကြွအဖွဲ့ကို ပါဝင်ပူးပေါင်းဖို့သွားတဲ့သူ ဖြစ်နေ တယ်လို့ သိရပါတယ်။

အဲ့ဒီ အဖွဲ့ဝင် ၅ ဦးပါ လူမှောင်ခိုဂိုဏ်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား နယူးဒေလီမြို့မှာ ရုံခန်းဖွင့်ထားတဲ့ အလီဆိုသူက ဦးဆောင်ပြီး Hyderabad မြို့နဲ့ Kolkata မြို့တွေမှာ ဌာနခွဲတွေဖွင့်ကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကတဆင့် ဝင်ရောက်လာသူတွေကို နိုင်ငံကူးလက်မှတ်တုတွေ ပြည်ဝင်ခွင့်ဗီဇာအတုတွေနဲ့ အာရှအနောက်ပိုင်းနိုင်ငံတွေကို ပို့ပေးနေတာဖြစ်ပါတယ်။

သွားရောက်လိုသူတွေဟာ တစ်ဦးကို အိန္ဒိယ ရူပီးငွေ ၁ သိန်းခွဲကနေ ၂ သိန်းအတွင်း ပေးရတယ်လို့ ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာတွေကို တကယ့်အစစ်အလား ပြုလုပ်ပေးမှုမှာ အစိုးရဝန်ထမ်းတွေ ပါဝင်နေတဲ့အတွက် အိန္ဒိယရဲတပ်ဖွဲ့က အခု စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။