ရိုဟင်ဂျာဒုက္ခသည် ၁၇ဝ လိုက်ပါတဲ့ လှေတစ်စီး အာချေးပြည်နယ် ထပ်ရောက်

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီနေ့ ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများဆုံး ပါဝင်ပြီး အားလုံး အားနည်းနေကြတယ်လို့ ဆာဘန်းကျွန်းရဲ့ တံငါရွာအကြီးအကဲ မီလာ့ဟ် ကတ်အဒီ က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ လှေတွေ ဆိုက်ရောက်လာခဲ့ပြီး၊ အခုဆိုရင် တစ်ထောင်ကျော် ရှိသွားပြီလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

နှစ်စဉ် နိုဝင်ဘာလကနေ ဧပြီလအထိ ကာလအတွင်း ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်တဲ့အချိန်ဖြစ်တာ ကြောင့် ရိုဟင်ဂျာတွေဟာ သစ်သားလှေတွေနဲ့ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ်ပြင်ခရီးကို အသက်စွန့်ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို သင်္ဘောပေါ်ပြန်တင်တာ ဒါမှမဟုတ် လှေတွေကို ပင်လယ်ထဲ ပြန်တွန်းပို့တာ မလုပ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ နိုဝင်ဘာ ၂၃ ရက်နေ့က တိုက်တွန်းပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ပြန်သွားနိုင်တဲ့အချိန်အထိ လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေအတွက် လုံလောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ရန်ပုံငွေပေးနိုင်ဖို့ ရေရှည် နည်းလမ်းတွေကို စဉ်းစားကြဖို့လည်း သူက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။