လူမှောင်ခိုတွေစွန့်ပစ်တဲ့ ဒုက္ခသည်အရေအတွက် တိုးပွားနေ
2015.05.12
ဘင်္ဂလားပင်လယ်အော်အတွင်း လူမှောင်ခိုသမားတွေ စွန့်ပစ်သွားကြတဲ့ သင်္ဘောတစင်းပေါ်က မြန်မာနဲ့ ဘင်္ဂလားဒုက္ခသည် ၁၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့် သင်္ဘောတစင်းက အင်္ဂါနေ့ မနေ့က ကယ်ဆယ်ခဲ့ ပါတယ်။ မြန်မာကမ်းလွန်ရှိ စိန့်မာတင်ကျွန်းအနီးမှာ ဖမ်းမိတဲ့ အဲဒီသင်္ဘောဟာ ထိုင်းနိုင်ငံပိုင်ဖြစ်ပါတယ်။ အဲဒီ့သူတွေ ထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် ၂၂ ဦးပါဝင်ပြီး ကျန်သူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပါတယ်။ သူတို့ကို မလေးရှားနိုင်ငံပို့ပေးမယ်ဆိုပြီး လူမှောင်ခိုကုန်ကူးသူတွေက ခေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီအတောအတွင်း မလေးရှားအစိုးရက လူမှောင်ခိုတင်လာတဲ့ သင်္ဘေတွေကို သူတို့နိုင်ငံက လက်ခံတော့မှာ မဟုတ်ဘူးလို့ မနေ့ကပြောပါတယ်။ ထိုင်းအစိုးရက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ မလေးရှားအသွား သူတို့နိုင်ငံကမ်းခြေကို ကြားခံစခန်းအဖြစ် ရောက်လာတဲ့ လူမှောင်ခိုကူးသူတွေကို ပြင်းပြင်းထန်ထန် စီမံကိန်းချဖမ်းဆီးနေတဲ့အတွက် အဲဒီ့လူမှောင်ခိုသမားတွေ ပင်လယ်အတွင်း စွန့်ပစ်သွားတဲ့ သင်္ဘောတွေပေါ်မှာ လက်ရှိအားဖြင့် ဒုက္ခသည်မွတ်စလင် ခုနှစ်ထောင်ခန့်ရှိနိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကလည်း မနေ့မနက်က သူတို့ရေပိုင်နက်အတွင်း ရောက်လာတဲ့ ဒုက္ခသည် ရာပေါင်းများစွာပါတဲ့ လှေတစ်စင်းကို အစားအစာတွေပေးပြီး မလေးရှားနိုင်ငံသွားဖို့ လမ်းညွန်လိုက်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ဒုက္ခသည်တွေအရေး ဆွေးနွေးပွဲတစ်ခုကို ထိုင်းအစိုးရက ဒီလ ၂၉ ရက်နေ့မှာ အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။ ဒေသအတွင်းရှိ သက်ဆိုင်ရာနိုင်ငံအားလုံးပါဝင်ဖြေရှင်းမှ ဒီပြသနာကို အဖြေရှာနိုင်မှာဖြစ်တယ် လို့ ထိုင်းနိုင်ငံခြားရေးဌာနကပြောပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံ ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက် မှာဖြစ်ပါတယ်။









