သတင်းထောက်နေအိမ် ဗုံးခွဲမှု စုံစမ်းအရေးယူပေးဖို့ RSF တောင်းဆို


2016-03-16
Share
minmin-reporter-620.jpg နေအိမ်ဗုံးဖောက်ခွဲခံရတဲ့ The Root Investigative Agency (RIA) သတင်းအေဂျင်စီ တာဝန်ခံ ကိုမင်းမင်း ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက်သတင်းထောက် ကိုမင်းမင်းရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရအနေနဲ့ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ပြင်သစ်အခြေစိုက်နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့ ညဉ့်သန်းခေါင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဲ့ဒီပေါက်ကွဲမှုဟာ သတင်းသမားတစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ သတင်းထောက် ကိုမင်းမင်းက ပြောပါတယ်။

"ဒီတိုက်ခိုက်မှုမတိုင်ခင် ရက်ပေါင်း ၂ဝ အလိုကနေ ဒီ Facebook တို့၊ Viber တို့မှာ ကျနော့်ရဲ့နေအိမ် တည်နေရာ ကို အတိအကျပြထားတဲ့ လမ်းညွှန်မှုတွေ၊ ဒီအိမ်ဟာ ရခိုင်အမျိုးသား သစ္စာဖောက်တွေ နေတဲ့အိမ်ဖြစ်တယ်၊ ရခိုင့် တပ်မတော်သားတွေ ဖမ်းဆီးခံနေရတာဟာ ဒီအိမ်ရဲ့ ကိုမင်းမင်း က သတင်းပေးတာကြောင့် စတဲ့အမုန်း စကားတွေ ဖြန့်ဝေခဲ့တယ်ပေါ့နော်၊ အဲ့ဒီနောက်ပိုင်းမှာ တိုက်ခိုက်မှုကဖြစ်လာခဲ့တာပါ"

သတင်းမီဒီယာသမားတစ်ဦး နေအိမ်ကို အခုလို ဗုံးခွဲတိုက်ခိုက်တာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ RSF က ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုအကြောင်းရင်းကို မသိရှိရပေမယ့် အဲ့ဒီပေါက်ကွဲမှု မတိုင်ခင်မှာ အင်တာနက် ဖေ့စ်ဘွတ်နဲ့ Viber ကနေ ခြိမ်းခြောက်စာတွေ လက်ခံရရှိကြောင်း ကိုမင်းမင်းက ပြောပါတယ်။

ကိုမင်းမင်းဟာ စစ်တွေမြို့အခြေစိုက် The Root Investigative Agency (RIA) သတင်းအေဂျင်စီ တာဝန်ခံဖြစ်ပါတယ်။

ကိုမင်းမင်းကို ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။