ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်က နေအိမ် နှစ်ရာခန့် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.09.06
ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်က နေအိမ် နှစ်ရာခန့် မီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာ၀တ္ထိကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့ထားသည့်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ဓာတ်ပုံ

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်တွေက ရွာရှစ်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ နောက်ဆုံးပတ်ကစပြီး စီးနင်းမီးရှို့နေတာကြောင့် စက်တင်ဘာလ ၆ ရက်ဒီနေ့အထိ နေအိမ် နှစ်ရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာက ပျူစောထီးစခန်းတွေကို ဩဂုတ်လ ၁၈ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် အင်အား ၁၇၀ ဝန်းကျင်နဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးခဲ့တာပါ။

ဩဂုတ်လ ၃၀ ရက်မှာ မဒေါင်းလှရွာကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ပြီးနောက် ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်က ရွာတွေဖြစ်တဲ့ အင်ကြင်းပင်၊ ပေါက်တော၊ နှဲတွင်း၊ ဆီဆုံလေး၊ ဖန်ခါးကုန်း စတဲ့ရွာတွေ အပါအဝင် ရွာရှစ်ရွာ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျေးရွာတွေကို သူတို့ (စစ်ကောင်စီတပ်သားတွေ) မီးဝင်ရှို့တယ်ပေါ့နော်။ မနေ့ကလည်း အဲဒီကျေးရွာတွေမှာ လိုက်ပြီးတော့ စားနပ်ရိက္ခာရှာရင်းနဲ့ လိုက်လိုက်ရှို့ထားခဲ့တယ်။ ဝင်ရှို့ပြီးတော့ လက်တလောကတော့ သူတို့ မပြန်သေးဘူး။ မီးရှို့ခံရတဲ့ ဆီဆုံလေးတို့ နှဲတွင်းတို့ အဲဒီပတ်ချာလည်မှာ သူတို့အဖွဲ့ခွဲပြီးတော့နေတယ်”

မီးရှို့ခံရတဲ့ ရွာအလိုက် အရေအတွက်ကိုတော့ စစ်ကောင်စီတပ်က ရွာတွေထဲ စီးနင်းနေတာကြောင့် မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ကြောင့် ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်ထဲက ရွာ ၁၃ ရွာက ဒေသခံ တစ်သောင်းခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်က အဲဒီအခြေအနေကို မသိရသေးတဲ့အကြောင်း RFA ကို ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက နေအိမ် တစ်သိန်းနီးပါး (၉၅၄၅၀ လုံး) မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် အရေအတွက် စုစုပေါင်းရဲ့ ၇၀ ရာခိုင်းနှုန်းက စစ်ကိုင်းတိုင်းထဲကဖြစ်တယ်လို့ မီးရှို့ခံရမှုဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmarအဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။