စစ်ကိုင်းတိုင်းမှာ ရေဘေး ဒုက္ခသည် ၄ဝဝဝ ကျော် ထပ်တိုး


2017.07.13
sagaing-flood-620.jpg ချင်းတွင်းမြစ်ရေကြီးတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာများ ဇူလိုင်လ ၁၀ ရက်နေ့က ရွေ့ပြောင်းနေသည်ကို တွေ့ရစဉ်
Photo: Myanmar Fire Services Department Facebook

ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၆ ခုက  အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်နဲ့ လူဦးရေပေါင်း ၄ ထောင့် ၃ရာကျော် ဒီကနေ့ ထပ်တိုးပြောင်းရွှေ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေ သကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ကနေ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်း၊ ဖောင်းပြင် မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို စင်တီမီတာ ၁ဝဝ ကနေ ၄ဝဝ လောက်အထိ ရောက်ရှိနေတာကြောင့် ဘေးလွတ်ရာကို ရှောင်လာကြသူတွေ ပိုများလာတာလို့ ဦးစီးမှူး ဒေါ် နီနီထွန်းက ပြောပါတယ်။

"ရေကတော့ အများဆုံးတက်နေတာကတော့ ၂ဝဝ၊ ၃ဝဝ စိုးရိမ်ရေမှတ်ထက်ကိုကျော်နေတယ်ရှင်။ ကျန်တဲ့ဆီမှာ အဲဒီလောက် မသိသာပေမဲ့ ဟုမ္မလင်းမှာဆိုရင် စိုးရိမ်ရေမှတ်ထက် ၃ဝဝ ကျော် ၄ဝဝ နီးပါး စိုးရိမ်ရေ မှတ်ထက် ကျော်နေတယ်။  ဖောင်းပြင်ဆိုလည်း ၁၅ဝ နီးပါး စိုးရိမ်ရေမှတ်ထက်ကျော်တယ်။ ကျန်တဲ့နေ ရာတွေမှာ ၁ဝဝ ကျော်၊ ၁၅ဝ၊ ၂ဝဝ နီးပါး အဲ့လိုမျိုးကျော်တဲ့ဟာတွေချည်းပဲ။ အဲဒါကြောင့်မို့လို့ သူတို့တွေ က ဘေးလွတ်ရာကိုပဲ ရွှေ့ပြောင်းနေတာပေါ့။ "

ချင်းတွင်းမြစ်ရေတက်တာကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်း၊ စစ်ကိုင်းနဲ့ မြောင်မြို့နယ်တွေ မှာ ဒီနေ့ ရေဘေးရှောင်ရတဲ့သူတွေ ပိုတိုးလာတာဖြစ်ပါတယ်။

ဒီလဆန်းပိုင်းကစပြီး ချင်းတွင်းမြစ်ရေတက်လို့ စစ်ကိုင်းတိုင်းဒေသကြီးက ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ မင်းကင်း၊ ကလေးဝ၊ မုံရွာ၊ စစ်ကိုင်းနဲ့ မြောင် စတဲ့ မြို့တွေမှာ ပြောင်းရွှေ့ရတာဆိုရင် ဒီနေ့အထိ အိမ်ထောင် စုပေါင်း ၃ ထောင့် ၈ ရာဖြစ်ပြီး လူဦးရေပေါင်း ၁ သောင်း ၃ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရေက ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တွေမှာ စိုးရိမ်အမှတ် အထက်မှာ ရောက်ရှိနေပြီး နောက်ထပ် ၃ ရက်အတွင်း မြစ်ရေဆက်တက်နိုင်တယ် လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။