စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းမှာ မေလ ၁၀ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက စစ်ကားကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဟာမြိုင် မယ်တော်ကြီးကွေ့ မှာ လက်လုပ်မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပါတယ်။ အဲ့ဒီအထဲမှာ ဗိုလ်နှစ်ဦးနဲ့ တပ်သားတဦးပါဝင်ပြီး ၁၀ဦးလောက် ဒဏ်ရာ ရရှိတယ်လို့ နယ်မြေခံ PDFအဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေကိုတော့ ရေဦးမြို့ ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုမှာ PDF ဘက်က ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။ အခုတိုက်ပွဲမှာ သေဆုံးသူတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်ကိုတေ့ာ RFAက မရရှိပါဘူး။
တိုက်ပွဲမှာ ပါဝင်သူ PDF အဖွဲ့ဝင် နောက်တဦးကလည်း မေ၁ ဝရက်နေ့က စစ်ကောင်စီက သူတို့ ကံထူးမရွာမှာမနက်ပိုင်းကဝင်ရမ်းသွားတာကြောင့် ခုလိုတိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီက ဝင်ရောက်ရှာဖွေခဲ့တဲ့ အိမ်တွေထဲက အရှာခံရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်ရှင်တဦးကလည်း စစ်ကောင်စီက မကြာခဏလာပြီး ရှာနေတာကြောင့် အိမ်မှာမနေဘဲ ရှောင်တိမ်းနေတယ်လို့ ပြောပါတယ်။
အလားတူ မေလ ၁၁ရက်နေ့မှာလည်း ကံထူးမရွာကို ထပ်မံလာရောက်ပြီး အိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ဆက်ပြီးပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ရှာဖွေတဲ့ လူငယ်တွေ နေထိုင်တဲ့ အိမ်တွေကိုလည်း လူငယ်တွေကို လာအပ်ဖို့ ခံဝန်ချက်ထိုးပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
