ဝန်းသိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်

မနေ့က တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်စဉ် နေအိမ်မှာပစ္စည်းပြန်ယူတဲ့ ပန်းညိုကျေးရွာက အသက် ၆၄ နှစ်အရွယ် ဦးဆန်းလွင်ဆိုသူ ရွာသားတစ်ဦး ခေါင်းကို ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်သို့ အဝင်လမ်း တစ်နေရာ။ Photo: Citizen Journalsit

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးတောင်တိုက်နယ်အနီးမှာ ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားတဲ့အတွက် အနီးအနားကျေးရွာ ၁၀ ရွာက ပြည်သူ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝန်းသို ဒေသခံတွေက RFA ကို ပြောပါတယ်။

ဝန်းသိုမြို့နယ် ဆေးခင်းခုံ၊ မှန်ကန်၊ အင်းမ၊ အလယ်ကျွန်း၊ သုံးကျိပ်၊ ညောင်အင်း၊ စကားနီ၊ ပန်းညို၊ အင်ပင်နဲ့ ဂျိုးတောင် စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

“တိုက်ပွဲကတော့ မနေ့ကဖြစ်တယ်၊ ဒီနေ့တော့ မဖြစ်ဘူး။ ဒီနေ့တော့ အချင်းချင်း စောင့်ကြည့်နေကြတုန်းထင်တယ်။ ဒေသခံတွေကတော့ အခုထိ ထွက်ပြေးတိမ်းရှောင်နေကြတုန်းပဲ။ တချို့က နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြတယ်။ ဝန်းသိုမြို့ပေါ်ကို ထွက်ပြေးကြတဲ့သူတွေ ရှိတယ်။ တချို့အဆင်ပြေကြတဲ့သူတွေက တခြားနယ်တွေကို ထွက်ပြေးသွားကြတာတွေ ရှိတယ်ဗျ” … လို့ ဝန်းသိုဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မနေ့က တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်စဉ် နေအိမ်မှာပစ္စည်းပြန်ယူတဲ့ ပန်းညိုကျေးရွာက အသက် ၆၄ နှစ်အရွယ် ဦးဆန်းလွင်ဆိုသူ ရွာသားတစ်ဦး ခေါင်းမှာပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဒလန်သတင်းပေးမှုကြောင့် ပန်းညိုကျေးရွာမှာ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဝန်းသို PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေက ဝန်းသိုမြို့နယ် ဂျိုးတောင်စံပြကျေးရွာကို ဝင်ရောက်နေကြတယ်လို့ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေ ဒီကနေ့ဝင်ရောက်လာပြီး နေအိမ်နှစ်အိမ်ကို မီးရှို့သွားတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org