စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး

RFA Burmese
2024.09.18
စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား စစ်ကိုင်းတံတားပေါ်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။
AFP Photo

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာအနီးမှာ စက်တင်ဘာလ ၁၇ ရက်မနက်ပိုင်းက ကြွယ်ပုံရွာ ဒေသခံတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်တိုက်ခိုက်ခံရပြီး အမျိုးသမီး ၁၂ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဲဒီ ဒေသခံတွေဟာ တောင်ယာလုပ်ငန်းဝင်ဖို့ မော်တော်ယာဉ်နဲ့သွားချိန် ကြွယ်ပုံရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း နောက်ထပ် လူသုံးဦးလည်း ထိခိုက်ဒဏ်ရာရပြီး စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေး နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြွယ်ပုံရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ နှစ်ဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးမှ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ RFA ကို ပြောပါတယ်။

“ကားနဲ့ထွက်လာတာကို ကာကွယ်ရေးတပ်တွေနဲ့ တိုက်ခိုက်မှုဖြစ်တာ။ သူတို့ဘက်မှာလည်း လက်နက်ကိုင်ထားတဲ့သူတွေ ပါပုံရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်တွေ ရလိုက်တယ်လို့ သိထားပါတယ်။ အဲဒီဖြစ်စဉ် ဖြစ်ပြီးမကြာဘူး စစ်တပ်ဘက်က ရောက်လာပြီးတော့ အရေးပေါ်ကားတွေနဲ့ လူနာတွေ သယ်သွားတယ်”

ကြွယ်ပုံရွာဟာ စစ်တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးတွေ အားကောင်းတဲ့ ရွာတစ်ရွာဖြစ်ပြီး အဲဒီရွာနဲ့ အနီးတစ်၀ိုက်မှာ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဒီတိုက်ခိုက်မှုဟာ ကာကွယ်ရေးတပ်ဘက်တွေက လုပ်ခဲ့တာလို့ RFA ကို ပြောပါတယ်။ အဖွဲ့အမည်တွေကိုတော့ အသေးစိတ် မသိရဘူးလို့ ဆိုပါတယ်။

ကြွယ်ပုံရွာ ဒေသခံတွေ တိုက်ခိုက်ခံရပြီးနောက် တောင်ကြားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ခြောက်ကြိမ် ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒီ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမဲ့သတင်းကြောင့် စက်တင်ဘာလ ၁၇ ရက် မနေ့က ညပိုင်းကတည်းက ကြွယ်ပုံရွာအနီး ကျေးရွာတချို့က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းကလည်း ကြွယ်ပုံရွာ အလယ်တန်းကျောင်းက ကျေးရွာရေကစားမဏ္ဍပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ကလေးငါးဦး အပါအဝင် ရှစ်ဦးသေဆုံးပြီး လူ သုံးဆယ်ခန့် ထိခိုက်ဒဏ်ရာရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။