စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို စစ်ကြောင်းထိုးနေလို့ ဒေသခံခြောက်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ထွက်ပြေးရတဲ့ ရက်ကြာလာတာနဲ့အမျှ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဩဂုတ်လ ၂၈ ရက်မှာ RFA ကို ပြောပါတယ်။
စစ်ကိုင်းမြို့နယ်က ရွာ ၁၆ ရွာနဲ့၊ ဝက်လက်မြို့နယ်ထဲက ရွာခုနစ်ရွာ စုစုပေါင်း ၂၃ ရွာက ဒေသခံတွေဟာ ဩဂုတ်လ ဒုတိယပတ်ကနေ ဒီနေ့ထိ ဘေးလွတ်ရာတောတောင်တွေနဲ့ စစ်ကြောင်းမရှိတဲ့ ရွာတွေဘက်ကို ထွက်ပြေးခိုလှုံနေကြရတာပါ။
ဒီမြို့နယ်နှစ်ခုထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်း ပြုပြင်မှုကို အကြောင်းပြပြီး ရထားလမ်းပိုင်း အနီးတစ်ဝိုက်ကရွာတွေကို ဝင်ရောက်စီးနင်းတာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေ လုပ်နေတာလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“မီးရထားလမ်းကို ဗန်းပြပြီးတော့ ဒီမှာသူတို့အုပ်စိုးနေတဲ့အချိန်မှာ လုပ်ငန်းတွေ လည်ပတ်နေပြီပေါ့။ အကြောင်း ပြပြီးလုပ်နေတာ။ လမ်းပြင်ရင်း အနီးအနားက ရွာတွေကို စားနပ်ရိက္ခာတွေ ဝင်မွှေယူ၊ မီးရှို့တယ်။ တွေ့တဲ့လူတွေကို ဓားစာခံအဖြစ် ဖမ်းတယ်။ သူတို့စိတ်ထဲမှာ သိပ်မသင်္ကာတဲ့သူဆိုရင် PDF ဆိုပြီး သတ်ပစ်တာ။ အဲတော့ ရွာ အနီးအနားတစ်ဝိုက် လက်ရှိ ရှိနေတဲ့ ပြည်သူတွေက ထွက်ပြေးပြီးတော့ မြို့ရောက်တဲ့ သူကရောက်၊ ကျန်တာက မသွားနိုင်တော့ တောတွေထဲပေကပ်ပြီး ခိုအောင်း နေကြရတာတွေပေါ့”
စစ်ကိုင်းမြို့နယ်အတွင်းက ထွက်ပြေးနေရတဲ့ ရွာတွေကတော့ စာရေးအရှေ့၊ စာရေးအနောက်၊ ကျောက်ပနံ၊ ရွာသစ်၊ ကန်ကြီးကုန်း၊ ပဒူ၊ ခက်ခအရှေ့၊ ခက်ခအနောက်၊ တောင်ရင်းမြောက်၊ တောင်ရင်းတောင်၊ တောင်ရင်းရွာသစ်၊ စမွန်း၊ ကျွန်းဦးတော၊ ကျောင်းဖြူ၊ တလိုင်း၊ စဉ့်ကိုင်စတဲ့ရွာ ၁၆ ရွာ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ်နဲ့ ကပ်လျက် ဝက်လက်မြို့နယ်မှာတော့ ထန်းကြီး၊ ထန်းကြီးဘူတာ၊ ပဲ့သူကြီး၊ အုန်နှဲဘုတ်၊ ပေါက်ကန်ရွာမ၊ ပေါက်ကန်ဘူတာ၊ ညောင်ပင်ကြီးတောစတဲ့ ရွာခုနစ်ရွာ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဘေးလွတ်ရာတောတွေ လယ်တွေထဲမှာ ဖြစ်သလို နေနေကြပေမယ့် ဒီနေရာတွေကိုပါ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီး ရှိတဲ့စားနပ်ရိက္ခာတွေကိုပါ လုယက် ယူဆောင်နေတဲ့အတွက် အခက်အခဲတွေ ကြုံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ပဒူရွာက စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။
“ဩဂုတ်လ ၂၆ ရက်ကလည်း ကျွန်းဦးတော အနောက်ဘက်က သရက်သာတောမှာ စမွန်းကရော၊ ခက်ခကရော တခြားနေရာကရော တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် နေရာလေးကို သူတို့(စစ်ကောင်စီတပ်)က အင်အားအလုံးအရင်းနဲ့ ဝင်ပြီးတော့ ပြည်သူတွေကို ဖမ်းတယ်။ မသင်္ကာတဲ့ လူနှစ်ဦးကို ပစ်သတ်ပစ်တယ်။ ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့ကြားက ချွေတာသုံးနေတဲ့ စားသောက်ရိက္ခာတွေကို ယူသွားတယ်”
ဒီမြို့နယ်နှစ်ခုက ရွာတွေကို စီးနင်းဝင်ရောက်နေတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဩဂုတ်လ ၂၈ ရက် ဒီနေ့မှာတော့ ဝက်လက်မြို့နယ်အတွင်းက ထန်းကြီးဘူတာရွာအနီးကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။