မလေးရှား နိုင်ငံခြားရေးဝန်ကြီး မွတ်စလင်ဒုက္ခသည်အရေး ဆွေးနွေးမည်
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာအိဖူဒင် အဗ္ဗဒူလာ ဟာ ဒီနေ့မှာစတင်တဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရိုဟင်ဂျာတွေအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
-
2019-04-07 -
-
-
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာအိဖူဒင် အဗ္ဗဒူလာ ဟာ ဒီနေ့မှာစတင်တဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရိုဟင်ဂျာတွေအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ရိုဟင်ဂျာအရေးကိစ္စမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူဖို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေ လုံလုံခြုံခြုံ နဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ပြန်လည်လက်ခံရေးကိစ္စတွေနဲ့ ထွက်ပြေးရတဲ့ အခြေခံပြဿနာအကြောင်းရင်းဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့်ရရှိရေး ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့လည်း သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး ရောက်ရှိနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့နဲ့ တွေ့ဆုံသွားဖို့ရှိကြောင်းလည်း ရေးသားထားပါတယ်။
မလေးရှားနိုင်ငံဟာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအလယ်မှာ မြန်မာအစိုးရကို အစဉ်တစိုက် ဖိအားပေးနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။