မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရရှိနိုင်ရေးအတွက် တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းသစ်တွေ ဖန်တီးဆောင်ရွက်နိုင်ဖို့ မလေးရှားအစိုးရက တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အာဆီယံ- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အထူးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ က တိုက်တွန်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် မလေးရှားအနေနဲ့ အားလုံးပါဝင် ပြည့်စုံကျယ်ပြန့်ပြီး တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းသစ်တွေနဲ့အတူ NUG အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့နဲ့ ထိတွေ့ဆက်ဆံဖို့ ထပ်လောင်းပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ အာဆီယံနဲ့ အိန္ဒိယတို့အနေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆိုက်ဘာလုံခြုံရေး စတဲ့ မတူကွဲပြားတဲ့ နယ်ပယ်တွေမှာ အတူပူးပေါင်းတိုးချဲ့ဆောင်ရွက်ကြဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးကာလမှာ နိုင်ငံတွေအနေနဲ့ ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ အရေးကြီးကြောင်း၊ ဒီအတွက် အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယတို့အနေနဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။