တိုင်းလွှတ်တော်နဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိဖို့ လိုသေးလားလို့ ဒေါ်စန္ဒာမင်း မေးခွန်းထုတ်


2018.03.11
sandarmin-622.jpg လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုပြု မပြုပြု ရန်ကုန်စည်ပင်သာယာရေး လုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်သွားမယ်ဆိုပြီး စည်ပင်ကော်မတီအတွင်းရေးမှူးက လုပ်ငန်းရှင်တွေနဲ့ တေ့ွဆုံပွဲမှာ ပြောကြားလိုက်တာဟာ တိုင်းလွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဂရုမစိုက်ရာရောက်တယ်လို့ ဒေါ်စန္ဒာမင်း က ဒီနေ့ ပြောပါတယ်။

ရန်ကုန်စည်ပင်သာယာရေးလုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ မတ်လ ၅ ရက်နေ့က တေ့ွဆုံစဉ်မှာ စည်ပင်ကော်မတီအတွင်းရေးမှူးက ပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဥပဒေကို အတည်ပြုပြု မပြုပြု လုပ်ငန်းကို ဆက်လုပ်မှာပဲဆိုတဲ့ ပုံစံက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် အပေါ်မှာ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ သဘောသက်ရောက်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောပါတယ်။

"ဥပဒေမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ၊ ဥပဒေမှာ ပြသည်ဖြစ်စေ မပြသည်ဖြစ်စေ သူတို့ရဲ့ လုပ်ငန်းကို ဆက်လုပ်မှာပဲဆိုတဲ့ ပုံစံဖြစ်နေတာကတော့ ဒါမျိုးက မကောင်းဘူးလေ။ ဥပဒေဘောင်ထဲကပဲ လုပ်ရမှာ့ဖြစ်တဲ့အတွက် ဥပဒေက လွှတ်တော်မှာလည်း မဆွေးနွေးရသေးဘူး။ အတည်မပြုရသေးဘူးဆိုရင် အခုချိန်မှာ ကျောရိုးအနေနဲ့ ဒီဥပဒေကြမ်းထဲမှာ ကိုယ်ထည့်ချင်တာ ထည့်လို့ရတာပဲလေ။ ဒီလိုမျိုး ဆွေးနွေးသင့်တာပေါ့။ အဲလိုမဆွေးနွေးပဲ အပြင်ဘက်မှာ စီးပွားရေးသမားတွေနဲ့ အစည်းအဝေးလုပ်တဲ့အချိန်ကျမှ ဥပဒေမှာမပါဝင်လည်း လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ မှတ်ထားပါဆိုတဲ့ စကားလုံးက မကောင်းဘူးပေါ့။ ဒါဟာ လွှတ်တော်ကိုယ်စားလှယ် တွေ၊ လွှတ်တော်ကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ သဘောသက်ရောက်သွားတာပေါ့"

လွှတ်တော်မှာတင်ပြထားတဲ့ ဥပဒေကြမ်းအတည်ပြုသည်ဖြစ်စေ ၊ အတည်မပြုသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေနဲ့ JV (Joint Venture) လို့ခေါ်တဲ့ အကျိုးတူပူးပေါင်းလုပ်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ဥပဒေအသစ် အတည်မပြုလည်း JV အသစ် လုပ်ပိုင်ခွင့်ရှိတယ်လို့ စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးက ပြောခဲ့ကြောင်း ဒေါ်စန္ဒာမင်းက သူ့ရဲ့ ဖေ့ဘွတ်စ်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က ရန်ကုန်မြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်ပြီး အစည်းအဝေးမှတ်တမ်းတွေအရ သိရတာလို့ ပြောပါတယ်။

အဲဒီလိုပြောဆိုချက်တွေကြောင့် လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆက်ရှိဖို့လိုသေးလား ဆိုပြီးတော့လည်း မေးခွန်းထုတ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြင်ဆင်ဖြည့်စွက်ချင်တဲ့ အချက်လက်တွေကို ဥဒေကြမ်းအနေနဲ့ ရှိနေစဉ်မှာ ဖြည့်စွက်ခွင့်ရှိတယ်လို့လည်း ပြောပါတယ်။

အရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို  နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဥပဒေကြမ်းဟာ ဖေဖော်ဝါရီ ၅ ရက်နေ့က ထွက်ရှိလာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။