စမ်းမြို့ရွာက အိမ်ခြေ ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း ဂန့်ဂေါခရိုင် စမ်းမြို့ရွာကို ဇန်နဝါရီလ ၁၈ ရက် မနေ့ နေ့လယ် ၂ နာရီ ဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာခဲ့ပြီးနောက် နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ရွာထဲကို ပစ်ခတ်ဝင်ရောက်ပြီးနောက် မီးရှို့ခံခဲ့ရတာလို့ စမ်းမြို့ရွာခံတစ်ဦးက ပြောပါတယ်။
"မီးရှို့ခံရတာက အိမ်ခြေ တစ်ရာကျော်လောက် ပါသွားပြီဗျ။ သူတို့က လက်နက်ကြီးနဲ့ ထုတယ်။ မောင်းပြန်တွေနဲ့ တရစပ်ပစ်ပြီး ဝင်လာတာဗျ။ အဲဒါနဲ့ ကျွန်တော်တို့ ပြေးကြရတာဗျ"
မနေ့က ဝင်ရောက်လာတဲ့ စစ်ကြောင်းမှာ အင်အား ၅၀ ဝန်းကျင်ခန့်ရှိပြီး ရွာဘက်ကို ပစ်ခတ်ခဲ့တဲ့ လက်နက်ကျည် အချက် ၂၀ ခန့်ရှိတယ်လို့လည်း ထွက်ပြေးတိမ်ရှောင်ခဲ့တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ် အသေးစိတ်ကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်သလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကို သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲလည်း ဖြစ်ပါတယ်။
ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် နေအိမ် မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ကြုံတွေ့နေရတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်မဟုတ်ကြောင်း ယခင်က ငြင်းဆိုထားပါတယ်။
မနေ့ကဖြစ်စဉ်ကြောင့် စမ်းမြို့ရွာက ဒေသခံ တစ်ထောင်ကျော်ဟာလည်း နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စမ်းမြို့ရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲကို ဝင်ရောက်လာပြီးနောက် နေအိမ် ၃၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။