ဆိပ်ကမ်းမြို့နယ်ကို နီးစပ်ရာမြို့နယ်ထဲပေါင်းဖို့ စီစဉ်နေတဲ့အပေါ် ကြံ့ခိုင်ရေးတုံ့ပြန်ချက်

0:00 / 0:00

ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး အခြားနီးစပ်ရာ မြို့နယ်မှာ ပေါင်းထည့်ဖို့ NLD ပါတီက စီစဉ်နေတာဟာ မဲရှုံးခဲ့တဲ့ပေါ်စဉ်းစားပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက RFA ကိုပြောပါတယ်။

အဲဒီကိစ္စ အကောင်အထည်ပေါ်လာတဲ့အခါ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားတွေ ကနေတဆင့် ကန့်ကွက်သွားမယ်လို့လည်း ဦးသိန်းထွန်းဦး ကဆိုပါတယ်။

ဆိပ်ကမ်းမြို့နယ်ဟာ ဝန်ထမ်းမိသားစု နှစ်ထောင်ကျော်သာရှိတဲ့ မြို့နယ်ဖြစ်တဲ့အတွက် အခြားမြို့နယ်တွေထဲကို ပေါင်းထည့်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေက တင်ပြတာတွေရှိပြီး အဘယ်တော့ အကောင်အထည်ဖော်မယ် ဆိုတာ သေချာမသိသေးဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လူဦးရေ တစ်သိန်းပြည့်မှ ကိုယ်စားလှယ် နှစ်ဦး နေရာ ရရှိတာဖြစ်ပေမယ့် ဆိပ်ကမ်းမြို့နယ်ကတော့ လူဦးရေ ထောင်ဂဏန်းလေးနဲ့ ကိုယ်စားလှယ်နှစ်ယောက်ရနေတာဟာ မျှတမှုမရှိတဲ့အတွက် နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရဖို့ အုပ်ချုပ်ရေးပိုင်းက စီစဉ်တာဖြစ်နိုင်တယ်လို့ ဒေါက်တာမျိုးညွန့်က သူ့အမြင်ကို ပြောပါတယ်။

ဆိပ်ကမ်းမြို့နယ်မှာ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက NLD ပါတီ ကိုယ်စားလှယ် ရှုံးနိမ့်ခဲ့လို့ အခုလိုစီစဉ်တာဆိုပြီး ဝေဖန်ပြောဆိုမှုတွေကိုတော့ ဒေါက်တာမျိုးညွန့်က ငြင်းဆိုပြီး၊ NLD ပါတီဟာ မဲအနိုင်ရရှိဖို့တစ်ခုတည်းအတွက် ဘယ်တော့မှ မလုပ်ဆောင်ဘူးလို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမဲဆန္ဒနယ်အတွက် ပါတီစုံက ကိုယ်စားလှယ်လောင်း ၉ ယောက်ဝင်ယောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ပါတီကမဲရှုံးနိမ့်ခဲ့သလို ၂၀၁၉ ခုနှစ် မတ်လမှာပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာလည်း NLD ပါတီက ဆိပ်ကမ်း မြို့နယ်တစ်ခုတည်း ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။