မြစ်ဆုံစီမံကိန်းအတွက် ကျခံထားတဲ့ ကုန်ကျစရိတ်တွေကို မြန်မာပြည်သူတွေက လျော်ကြေးပေးပြီး ရွေးယူသွားမယ်လို့ ဧရာဝတီကို ပြန်လည်ရွေးယူရေး ဦးဆောင်လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ဧရာဝတီကို ပြန်ရွေးကြမယ်ဆိုတဲ့ စကားဝိုင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဧရာဝတီမြစ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ဘယ်ဆည်စီမံကိန်းကိုမှ လက်မခံကြောင်း တရုတ်သမ္မတ ရှီကျင်းပင် ထံ မေတ္တာရပ်ခံချက် တစ်ခုကိုလည်း ဒီနေ့ကျင်းပတဲ့ စကားဝိုင်းကနေ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ ၂၀၁၀ ခုနှစ်မှာ ရပ်ဆဲထားတဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ ဖြစ်လာတဲ့အပေါ် ပြည်သူတွေက စိတ်ပူနေကြောင်း၊ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလက္ခဏာ ဖြစ်သလို ကချင်တိုင်းရင်းသားတွေရဲ့ အမွေအနှစ်၊ ယဉ်ကျေးမှုထိန်းသိမ်းရာနေရာဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှာနဲ့ မြန်မာ့နိုင်ငံရေး မှေးမှိန်သွားမှာကိုလည်း စိုးရိမ်နေကြတာကြောင့် ဒီကိစ္စတွေကို လျစ်လျူရှုပြီး တရုတ်ဘက်က ဆက်လက် ဆောင်ရွက်မယ်ဆိုရင် မြန်မာကို အနိုင်အထက်ပြုတယ်လို့ ခံစားရမှာဖြစ်ကြောင်း၊ အဲဒီခံစားချက်ဟာလည်း မျိုးဆက်နဲ့ချီပြီး မှတ်ယူသွားနိုင်ကြောင်း မေတ္တာရပ်ခံစာမှာ ပါရှိပါတယ်။
မြန်မာပြည်သူတွေရဲ့ ကမ်းလှမ်းချက်ကို တရုတ်အစိုးရဘက်က အသိအမှတ်ပြုစေချင်ကြောင်းနဲ့ ဆွေမျိုး ပေါက်ဖော် ငြိမ်းချမ်းရေးအနေနဲ့ လက်ခံစေချင်ကြောင်းလည်း ပါရှိပါတယ်။ အဲဒီစာကို အင်္ဂလိပ်နဲ့ တရုတ် နှစ်ဘာသာနဲ့ ဖြန့်ဝေသွားမယ်လို့လည်း သိရပါတယ်။
အလားတူ ကတ်သလစ်ဘုန်းတော်ကြီး ကာဒီနယ် ချာလ်းမောင်ဘိုကလည်း မြစ်ဆုံ စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တရုတ် သမ္မတ ရှီကျင်းပင်ထံကို မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်တွေကနေ ကြည့်ပြီး ဆက်လက်လုပ်ဆောင်သင့်၊ မသင့်ကို ဆုံးဖြတ်သွားမယ်လို့ ပဲခူးတိုင်း ပြည်မြို့ဒေသခံတွေနဲ့ မတ်လ ၁၄ ရက်နေ့က တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်းနဲ့ မသီရိမင်းဇင် တို့ ပေးပို့တာပါ။