ကျောင်းသားတွေအတွက် လက်တုန့်ပြန်တိုက်ခိုက်တာလို့ DKBA ဗိုလ်မှူးကြီးပြော

0:00 / 0:00

လက်နက်မဲ့ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အစိုးရတပ်စခန်း တစ်ခုကို မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က RFA ကိုပြောပါတယ်။

မတ်လ ၁၀ရ က်နေ့က လက်ပံတန်းမြို့မှာ ခေတ္တရပ်နား ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကျောင်း သားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက် နိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး ကော့ကရိတ်မြို့တောင် ဘက်မှာ အစိုးရစစ်တပ်ကို DKBA အဖွဲ့က မတ်လ ၁၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ DKBA ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

"ကျောင်းသားနောက်ကွယ်မှာ ကျနော်တို့ရှိနေပါတယ်၊ ကိုယ့်နိုင်ငံသားတွေ ကိုယ့်ပြည်သူတွေကို အကြမ်း ဖက်နှိမ်နှင်းတဲ့အတွက်ကြောင့် ကျောင်းသားတွေ ရဲ့ကိုယ်စား တအားခံစားရတဲ့အတွက်ကြောင့် ကျနော်တို့ တုန့်ပြန်ရခြင်းဖြစ်ပါတယ်"

တိုက်ပွဲဟာ ၂ နာရီကြာဖြစ်ပွားခဲ့ပြီး အစိုးရဘက်က သုံးဦးထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲဟာ ကော့ကရိတ် မြို့တောင်ဘက် တမိုင်ကုန်းမှာ တပ်စွဲထားတဲ့ ခမရ ၅၄၃ ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အတည်ပြုချက်တစုံတရာပေးခြင်း မရှိပါဘူး။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း အစိုးရတပ်က ဖမ်းဆီးရမိတဲ့အရာရှိ ၂ ဦးအပါအဝင် ပေါင်း ၃ ဦးကို DKBA က ပြန်လွှတ်ပေးလိုက်တယ်လို့ ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းတင်ပြပါလိမ့်မယ်။