စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ NUG အပါအဝင် အဖွဲ့အစည်းငါးခု ပူးတွဲထုတ်ပြန်
2025.02.03

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းတွေက ဦးတည်ဆောင်ရွက်နေပြီး စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးကူညီတာတွေ၊ အသိအမှတ်ပြုတာတွေမလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ချင်းညီနောင်အဖွဲ့ (CB) အပါအဝင် အဖွဲ့အစည်းငါးခုက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းအားလုံးစည်းလုံးညီညွတ်စွာနဲ့ ဆက်လက်ဆောင်ရွက်နေကြောင်း ပြည်သူလူထုကို အသိပေးတာလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က RFA ကိုပြောပါတယ်။
“အားလုံးတစ်ညီတစ်ညွတ်တည်းနဲ့ တော်လှန်ရေးခရီးကို ဆက်လျှောက်နေတယ်၊ ဖက်ဒရယ်ဒီမိုရေစီစနစ်ပေါ်ထွန်းရေးအတွက်ကို စည်းလုံးညီညွတ်စွာနဲ့ ချီတက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုတာကို လူထုကို ရှင်းလင်းတဲ့သတင်းစကားပေးတာဖြစ်တယ်။ အခုကာလမှာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ ချဉ်းကပ်အဖြေရှာတဲ့ပုံစံက ရွေးကောက်ပွဲကိုအားပေးထောက်ခံပြီး စစ်အုပ်စုကို နိုင်ငံရေးထွက်ပေါက်ပေးတာမျိုးမဖြစ်စေဖို့နဲ့ မေတ္တာရပ်ခံသတိပေးတာ ဖြစ်ပါတယ်”
ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ပဋိပက္ခတွေ ပိုတိုးလာပြီး ဒေသတွင်းမတည်ငြိမ်မှုတွေ ပိုဖြစ်လာနိုင်တဲ့အပြင် မြန်မာနိုင်ငံရဲ့အခြေအနေ ပိုဆိုးလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေး ဦးတည်ချက် ခြောက်ရပ်ကိုလည်း ချမှတ်ထားတယ်လို့ ဆိုပါတယ်။
စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ ပြန်အသက်သွင်းဖို့ကြိုးပမ်းမှုတွေကို တိုက်ဖျက်ဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် သက်ဆိုင်သူ အစုအဖွဲ့အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့နဲ့ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေ တရားမျှတမှုပြန်လည်ရရှိဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ဆိုတဲ့ အချက်တွေကို နိုင်ငံရေးဦးတည်ချက်အနေနဲ့ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အဖွဲ့ (CB)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က ပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။