ကျောင်းသား ၁ဝဝ ကျောက်မဲမြို့ပေါ် ပြန်လာရ
2016.06.16
ကျောက်မဲမြို့ မြောက်ဘက်မှာ ပြီးခဲ့တဲ့လပိုင်းတွေကဖြစ်ပွားတဲ့ တိုက်ပွဲများငြိမ်နေပေမဲ့ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိတာကြောင့် ဒီကနေ့ ကျောင်းသား ၁၀၀ ခန့်ကို မိဘများက ကျောက်မဲမြို့ကို ပြန်လည်ခေါ်ဆောင် လာတယ်လို့ ကျောက်မဲမြိုု့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က RFA ကိုပြောပါတယ်။
ကျောက်မဲမြို့ မြောက်ဘက်မှာ လွန်ခဲ့တဲ့ ၂လကျော်ကစပြီး တအာင်းပလောင်အဖွဲ့များနဲ့ RCSS /SSA အဖွဲ့ တိုက်ပွဲ များ ဖြစ်ပွားနေရာမှာ ဒေသခံတွေ ကျောက်မဲမြို့ကို ထွက်ပြေးတိမ်းရှောင်လာရာမှာ ပြီးခဲ့လကုန်ပိုင်းက နေရပ်ပြန် ကြပေမဲ့ ကျောင်းများ မဖွင့်နိုင်သေးတာကြောင့် မိဘတွေက ကျောက်မဲမြို့ကို လာရောက်ပို့ဆောင်တယ် လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က ပြောပါတယ်။
"ကျောင်းတွေ ပြန်မဖွင့်နိုင်ဘူး၊ လုံခြုံရေးက လုံးဝမရှိတော့တဲ့အတွက်ကြောင့် ဆင်းလာတာ၊ ကျနော်တို့ က ကျောင်းတွေကို အရင်ဆုံးအကြောင်းကြားထားတယ်၊ ရွာကနေ လုံးဝဖွင့်လို့မရလို့၊ မြို့ပေါ်ကကျတော့ ယာယီကျောင်းပြောင်းလက်မှတ်နဲ့ လက်ခံထားတယ်၊ အဆင်ပြေရင်တော့ ပြန်ပြီးတော့သွားသင်မယ်ဆိုတဲ့ပုံစံ၊ ဒါပေမဲ့ ကျနော်တို့ပြန်ကြည့်တဲ့အခါ လွယ်တော့မလွယ်ဘူး၊ စပြီးပိတ်ပြီဆိုကတည်းက ပြန်ဖွင့်ဖို့ဆိုတာတော့ ခက်ခဲတယ်"
ကျောက်မဲမြို့ကို ရောက်ရှိလာတဲ့ ကျောင်းသားတွေကို အောင်ဆုပန်၊ အေးမေတ္တာ၊ နန်းစလင်းဘုန်းကြီးကျောင်းများနဲ့ ကျားငါးကောင်ဆေးတိုက်တွေမှာ နေရာချထားပေးထားပါတယ်။ အဲ့ဒီဘုန်းကြီးကျောင်းတွေမှာ မူလရောက်ရှိနေပြီး မပြန်သေးတဲ့ ကျောင်းသား ၁၅၀ ကျော်လည်းရှိတယ်လို့ ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ မြောက်ဘက် ကျေးရွာတွေက အထက်တန်း အလယ်တန်းနဲ့ မူလတန်းကျောင်း ၉ ကျောင်း ပိတ်လိုက်ရတာဖြစ်ပါတယ်။
အလားတူ ကျောက်မဲမြို့ တောင်ဘက်မှာ အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသ ခံတွေ ကျောက်မဲမြို့ကို ထွက်ပြေးလာရာမှာ လက်ရှိတိုက်ပွဲတွေ ငြိမ်နေတာကြောင့် မေလ ၂၁ရက်နေ့ကစပြီး ဒေသ ခံ အများစုနေရပ်ပြန်ကြပြီး လူဦးရေ ၁၂၆ ဦးရှိတဲ့ ကျောက်မဲမြို့နယ် နောင်ကန်အုပ်စုက မိုးလုံကျေးရွာခံတွေကတော့ လုံခြုံရေးအရ နေရပ်ပြန်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ကျောက်မဲမြို့ မြောက်ဘက်နဲ့တောင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ကျောက်မဲမြို့ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ ထောင်နီးပါးဟာ တိုက်ပွဲတွေ ငြိမ်သွားချိန်မှာ အများစုနေရပ်ပြန်ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့ကတော့ နေရပ်ကို လုံးဝပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း ကပြောပါတယ်။
ဦးစိုင်ထွန်းဝင်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။