စာသင်ကာလပြောင်းလဲမှု ဆက်လက်ကန့်ကွက်ခံရ

သန့်ဇင်ဦး
2020-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အခြေခံပညာကျောင်းတွေရဲ့ စာသင်ကာလကို မတ်လအထိ တိုးမြှင့်လိုက်တဲ့အပြင် စာမေးပွဲကာလ ပြောင်းလဲ လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ လူစည်ကားရာ နေရာတွေမှာ ပြည်သူတွေရဲ့ အသံတွေကို စုစည်းတာနဲ့ ဆရာ/ဆရာမတွေရဲ့ ကန့်ကွက်လက်မှတ်တွေ စုစည်းတဲ့ လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ ၁၀ ရက်တာ လှုပ်ရှားမှုအနေနဲ့ ဒီနေ့ စတင်လိုက်ကြောင်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နဲ့ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့က ဒီကနေ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှု ၁၀ ရက်ကာလအတွင်း အစိုးရဝန်ကြီးဌာန အနေနဲ့ အားလုံးအဆင်ပြေမယ့် နည်းလမ်းကို မရွေးချယ် ခဲ့ဘူးဆိုရင် တစ်နိုင်ငံလုံးက ကျောင်းသားမိဘတွေပါဝင်လာမယ့် နောက်ထပ်တဆင့်ကို ထပ်တိုးရလိမ့်မယ်လို့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်တာကို မည်သည့်ဆရာ/ဆရာမတွေကိုမှ အသိပေးတာ အကြံဉာဏ်ရယူတာတွေ မလုပ်ခဲ့တဲ့အတွက် အခြေခံပညာကဏ္ဍက ဆရာအဖွဲ့အစည်းတွေအားလုံး နဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဘက် သဘောတူညီမှုရမှသာ အကောင်အထည်ဖော်ဖို့လည်း ဒီနေ့မှာပဲ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။

ပဲခူးမြို့၊ ခုန်တိုင်းကျေးရွာ မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်ဇင်အေးကတော့ ပညာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်နေတာမဟုတ်ပဲ စာမေးပွဲကာလ ပြောင်းလိုက်တဲ့အတွက် အခက်အခဲတွေ ဖြစ်လာမှာကြောင့် ကန့်ကွက်ရတာလို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ လေးတန်းနဲ့ ရှစ်တန်းစာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ် ၃ရက်နေ့ အထိ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ မတ် ၁၁ ရက်နေ့ ကနေ ၂၀ ရက်နေ့ အတွင်းစစ်ဆေးသွားမှာဖြစ်ပြီး ကျန်တဲ့အတန်းတွေကိုတော့ ကျောင်းတွင်းစာမေးပွဲအနေနဲ့ မတ် ၂၃ ရက်နေ့ကနေ မတ် ၃၀ ရက်နေ့အထိ စစ်သွားမယ်လို့ ပါရှိပါတယ်။

စာမေးပွဲကာလ ပြောင်းလိုက်တာကြောင့် ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေအပြင် မိဘတွေပါ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုတော့ အခြေခံပညာရေး လုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖြိုးဝေအောင်က အခုလိုပြောပါတယ်။

ဒါ့အပြင် စာသင်ကာလ တိုးမြှင့်လိုက်မယ်ဆိုရင် သင်ရိုးနဲ့ သင်ကြားတဲ့အတွက် သင်ခန်းစာနဲ့ သင်ကြားချိန် အဆင်မပြေဖြစ်တာ၊ ကျောင်းပိတ်ရက်တွေမှာ ဆရာ၊ ဆရာမတွေက မွန်းမံသင်တန်း သွားရောက်ရတာ စာစစ်တာတွေ လုပ်ဆောင်ရတာတွေရှိလို့ အချိန်မလုံလောက်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်လို့လည်း ပြောကြပါတယ်။

ဒီကနေ့ စတင်မယ့် လူစည်ကားရာ နေရာတွေမှာ ပြည်သူတွေရဲ့ အသံတွေကို စုစည်းတာနဲ့ ဆရာ/ဆရာမတွေရဲ့ ကန့်ကွက်လက်မှတ်တွေ စုစည်းတဲ့လှုပ်ရှားမှုအပြင် ၇ ရက်နေ့ကတည်းက လှုပ်ရှားနေတဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ကိုလည်း ရန်ကုန်ပညာရေးကောလိပ်၊ မကွေးပညာရေးကောလိပ်နဲ့ မန္တလေးပညာရေးကောလိပ်တွေမှာ ပြုလုပ် ခဲ့တာရှိပါတယ်။

အဲဒီ ဖဲကြိုးစိမ်းလှုပ်ရှားမှုကိုလည်း အခြေခံပညာရေးက ဝန်ထမ်းအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ၊ ကျောင်းသား သမဂ္ဂတို့နဲ့ ညှိနှိုင်းပြီး ပြန်လည်သတ်မှတ်မှသာ ရပ်တန့်သွားမယ်လို့လည်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင် ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျောင်းပိတ်ရက်နည်းမှ နိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် မိဘတွေ အလုပ်ပိုလုပ်နိုင်မှာ ဖြစ်တယ်ဆိုပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက သတင်းမီဒီယာတချို့ကို ပြောဆိုထား ပါတယ်။

အဲဒီ ပြောဆိုချက်ကိုလည်း ပညာရေးဝန်ထမ်းတွေက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေ ဆန္ဒပြ နေတာနဲ့ ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ဌာနရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးမိုးအောင်က စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်နေကြတာဟာ အပြုသဘောဆောင်တဲ့ ထောက်ပြချက် တွေဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ဆွေးနွေးလာ ဖွယ်ရှိတယ်လို့ RFA ကို ပြောထားပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပညာရေးကောလိပ်ပေါင်း ၂၅ ခုရှိပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့