ကျောင်းဖွင့်ကာလ တိုးမြှင့်တဲ့အပေါ် မန်းပညာရေးကောလိပ်ရဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု

မန္တလေး ပညာရေးကောလိပ်ကျောင်းအတွင်း ဝင်ရောက်လာတဲ့ ကျောင်းသူ ကျောင်းသားတွေကို "အတန်းငယ်များ မတ်လ နောက်ဆုံးအပတ်တွင် စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်တယ်" ဆိုတဲ့ စာသားပါ စတစ်ကာတွေနဲ့အတူ ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတဲ့ အချက် ငါးချက်ကို ရေးသားထားတဲ့ စာရွက်တွေ ဝေငှခဲ့ပါတယ်။

မတ်လ ၃၁ ရက်နေ့အထိ ကျောင်းဖွင့်ကာလ တိုးမြှင့်လိုက်တယ်ဆိုတဲ့ မူလ သတ်မှတ်ချက်ကို ခြောက်ရက် လျှော့ချတယ်လို့ မနေ့က နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ် ပညာရေးမှူးတွေ ပါဝင်တဲ့ အစည်းအဝေးမှာ ပြောကြပေမယ့် မပြေလည်သေးဘူးလို့ မန္တလေး ပညာရေးကောလိပ်က ကျောင်းသားတွေက ပြောပါတယ်။

မန္တလေး ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်မျိုးကို က ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ သတ်မှတ်နေတာလို့ ပြောပါတယ်။

"တကယ့်လက်တွေ့က ဆရာတွေရဲ့ဆန္ဒမပါဘူး၊ ကျောင်းသားတွေ မတ်လကုန်ထိတက်ရမယ်ဆိုရင် စာသင်ချိန်တွေ အရမ်းများပြီး ပြင်ပဗဟုသုတရှာချိန် နည်းသွားမယ်။"

ပညာရေးဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစလို့ အခြေခံပညာကျောင်းတွေကို မတ်လအထိ တိုးမြှင့်လိုက်ပြီလို့ ၂၀၁၉ ဧပြီလလောက် ကတည်းက ကြေညာခဲ့ပြီး ဒီအပေါ်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ဝေဖန်ကန့်ကွက်ခဲ့ကြတာပါ။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ လေးတန်းနဲ့ ရှစ်တန်းစာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ် ၃ရက်နေ့အထိ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ မတ် ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ဆေးမယ်လို့ ပါရှိပါတယ်။ ကျန်တဲ့အတန်းတွေကိုတော့ ကျောင်းတွင်းစာမေးပွဲအနေနဲ့ မတ် ၂၃ ရက်နေ့ကနေ မတ် ၃၀ ရက်နေ့အထိ စစ်သွားမယ်လို့ သိရပါတယ်။ ဒီလိုသတ်မှတ်ချက်ဟာ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲတွေကိုသာ ရင်ဆိုင်ရနိုင်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာအရည်အချင်းကို ထူးထူးခြားခြား တိုးမြင့်လာစေမှာ မဟုတ်ဘူးလို့ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကြေညာချက်ထုတ်ထားပါတယ်။

မန္တလေး ပညာရေးကောလိပ် ပထမနှစ်ကျောင်းသား ကိုကျော်ဇောလင်းက ပညာရေးဝန်ကြီးဌာန မူဝါဒဟာ မိဘတွေ၊ ကျောင်းသား-ကျောင်းသူတွေအတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။

"အခုလို ပါဝင်တဲ့အတွက် ကျနော်တို့ရဲ့အခွင့်အရေးလည်းရမယ်။ မတ်လအထိ သင်ကြားဖို့အတွက်ကျ မိဘတွေအတွက်ရော၊ကျွန်တော်တို့အတွက်ရော၊ ကျောင်းသားတွေအတွက်ရော သေချာပြန်ကြည့်မယ်ဆိုရင် မကောင်းပါဘူး၊ အဲဒါကြောင့် တက်နိုင်တဲ့ဘက်ကနေ ဝင်ကူညီတာပါ"

မတ်လကုန်ထိ ပညာသင်မှု တိုးမြှင့်မယ်ဆိုရင် ကြုံတွေ့ရမဲ့ အခက်အခဲတွေကို မန္တလေး ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂက အတွင်းရေးမှူး မသီရီရတနာ ပြောတာက

"ဒီနှစ်မှာဆိုရင် Grade 7 လာမယ်။ သင်ရိုးသစ်တွေ၊ သင်ရိုးသစ်မှာဆိုရင် ဆရာမတွေက သင်တန်းလည်း တက်ရအုံးမယ်။ ဆယ်တန်းစာမေးပွဲဖြေရမယ်၊ အခြေခံက ကလေးတွေကလည်း ဖြေရမယ်ဆိုတာ့ စာစစ်ချိန်တွေ၊ ဆရာမတွေ အနားယူချိန်တွေ မလုံလောက်ဘူး၊ သူတို့ဘက်က ဖြေလျော့မှု မရှိဘူးဆိုရင်တော့ အခြေနေတစ်ခုထိ ဆက်လုပ်ရမှာပေါ့"

မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ က အခြေခံပညာအတန်းတွေရဲ့ စာမေးပွဲကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးဆုံးတဲ့အချိန်မှ စစ်ဆေးရမယ်ဆိုတာကို ကန့်ကွက်ကြောင်း၊ စာသင်ကာလ တိုးမြှင့်တဲ့အတွက် ကလေးတွေ လုံလောက်တဲ့ အနားယူမှုမရရှိတာ၊ ရာသီဥတုပူပြင်းတာ၊ စာမေးပွဲတွေအတွက် ပြင်ဆင်ရချိန်ဖြစ်လို့ ဝန်ထမ်းအင်အား မလုံလောက်တာတွေ ရှိတယ်လို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဒီလို လှုပ်ရှားမှုတွေကို ပညာရေးကောလိပ်တွေနဲ့ ပညာရေးတက္ကသိုလ်တွေမှာ အခုလ ၇ ရက်နေ့ကစတင် လုပ်ဆောင်နေကြပြီး တိကျတဲ့ အဖြေမရမချင်း ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ ဦးဆောင်တဲ့ အဖွဲ့တွေထံကနေ သိရပါတယ်။