မစ္စတာရှောင်တားနဲလ်အမှု တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေး

NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ သူနဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆို ထားတာပါ။

ဒီအမှုမှာပါတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာနဲ့ နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူထားရပြီး လက်ရှိမှာလည်း ဆေးရုံက မဆင်းရသေးဘဲ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်လို့ ဒီရုံးချိန်းကို မလာရောက်နိုင်ပါဘူး။

ဒါကြောင့် ဦးစိုးဝင်းက အမှုအတွက် မျက်ကွယ်စစ်ဆေးဖို့ ရှေ့နေကတဆင့် တရားရုံးကို တင်ပြခဲ့ပြီး တရားရုံး ကလည်း ခွင့်ပြုတာကြောင့် အမှုတွေကို ဆက်လက်စစ်ဆေးတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"အန်ကယ် ဦးစိုးဝင်းကတော့ ဆေးရုံပေါ်မှာပဲ ရှိသေးတယ်။ အမှုက ကြန့်ကြာနေတော့ ဆရာ ဦးစိုးဝင်း မျက်ကွယ်မှာ အမှုစစ်ဆေးဖို့ လျှောက်တော့ တရားရုံးက ခွင့်ပြုပြီးတော့ ဆက်လက်စစ်ဆေးတာ"

မစ္စတာ ရှောင်တားနဲလ်ဟာ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ) အပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ တရားစွဲခံထားရတာဖြစ်ပြီး အဲဒီအမှုနှစ်ခုစလုံးကို နေပြည်တော် အထူးတရားရုံးမှာ တစ်ပြိုင်တည်း စစ်ဆေးနေတာပါ။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) ဟာ လွန်ခဲ့တဲ့ ၁၉၂၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ပါတယ်။

မစ္စတာ ရှောင်တာနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး ထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။