မစ္စတာ ရှောင်တားနဲလ်အမှု တရားလိုပြသက်သေတွေကို စစ်ဆေး

2022.01.13
မစ္စတာ ရှောင်တားနဲလ်အမှု တရားလိုပြသက်သေတွေကို စစ်ဆေး အင်းစိန်ထောင်မှာ မစ္စတာ ရှောင်တားနဲလ်ကို ကိုဗစ်ကာကွယ်ရေးထိုးဖို့ ၂၀၂၁ ဇူလိုင် ၂၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ်
Photo: MYANMAR NEWS AGENCY
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ် ကို စွဲထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေ က ပြောပါတယ်။
 
တရားလိုပြသက်သေတွေဖြစ်တဲ့ ရဲအရာရှိတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးတို့ကို စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ရုံးချိန်း မှာလည်း နောက်ထပ် တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ရှိတယ်လို့ ဆိုပါတယ်။
 
ဒီနေ့ စစ်ဆေးတဲ့ တရားလိုပြသက်သေနှစ်ဦးရဲ့ တရားခွင်အတွင်း ထွက်ဆိုချက်တွေနဲ့ စစ်ဆေးချက် အသေး စိတ်ကိုတော့ မသိရသေးပါဘူး။
 
မစ္စတာ ရှောင်တားနဲလ်ဟာ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ) အပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ တရားစွဲခံထားရတာဖြစ်ပြီး အဲဒီအမှုနှစ်ခုစလုံးကို နေပြည်တော် အထူးတရားရုံးမှာ တစ်ပြိုင်တည်း စစ်ဆေးနေတာပါ။
 
မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ သူနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆို ထားတာပါ။
 
ဒီအမှုမှာပါတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူထားရပြီး လက်ရှိမှာလည်း ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။
 
ဦးစိုးဝင်းဟာ တရားရုံးချိန်းကို လူကိုယ်တိုင်မလာရောက်နိုင်သေးပေမယ့် ရောဂါက ပြန်လည်သက်သာလာပြီ လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
 
ကမ္ကာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ခဲ့တုန်းက မစ္စတာ ရှောင်တားနဲလ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းက ဖနွမ်းပင် နိုင်ငံတကာလေဆိပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
 
ပရတ်ဆော့ခွန်းဟာ မြန်မာအရေးဆိုင်ရာ အာဆီယံအထူးသံအဖြစ် ဝန်ကြီးချုပ်ဟွန်ဆန် ခန့်အပ်ထားသူ ဖြစ်ပြီး၊ နေပြည်တော်ခရီးစဉ်မှာလည်း အတူလိုက်ပါခဲ့သူဖြစ်ပါတယ်။
 
ကမ္ဘောဒီးယားနိုင်ငံက သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Agence Kampuchea Press မှာတော့ ပါမောက္ခ ရှောင်တားနဲလ် အမှုကို တရားရုံးမှာ စစ်ဆေးနေဆဲဖြစ်ပြီး တရားရုံးလုပ်ငန်းစဉ်တွေ အပြီးသတ်ပြီးတာနဲ့ အပြုသဘောဆောင်တဲ့ အကြောင်းပြန်ကြားချက်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။