မစ္စတာရှောင်တားနဲလ်အမှု စွဲချက်အတွက် နှစ်ဖက်လျှောက်လဲမည်
2022.05.12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ် စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုနဲ့ ပတ်သက်လို့ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရားလိုဘက်က တင်သွင်းထားတဲ့ တရားလိုပြသက်သေ ကိုးဦးစလုံးကို ဒီနေ့အပြီးသတ် စစ်ဆေး ပြီးဖြစ်တာကြောင့် လာမယ့် မေလ ၂၆ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဖက် ရှေ့နေတွေက လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။
ဒီအမှုမှာ မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ သူနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆိုထားတာပါ။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကတော့ မစ္စတာ ရှောင်တားနဲလ်ကို ချက်ချင်း လွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တောင်းဆိုထားပါတယ်။
မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦး ဖြစ်ပါတယ်။









