အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု ရှုပ်ထွေး


2017.08.02
section-66d-622.jpg ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အမြန်ဆုံး ပြင်ဆင်ပေးရေးလှုပ်ရှားမှုကို ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ဆက်သွယ်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ အရင်ကနဲ့ မတူတဲ့ မဲခွဲဆုံးဖြတ် တဲ့ပုံစံမျိုး ပြုလုပ်ခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေအကြား နားလည်မှုတွေ ရှုပ်ထွေးခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက လွှတ်တော်ကိုယ်စားလှယ်သက်တမ်းအတွင်း ဒီကနေ့လို ရှုပ်ထွေးမှု မကြုံခဲ့ဖူးဘူးလို့ ပြောပါတယ်။

"ကျနော့်ရဲ့ လွှတ်တော်သက်တမ်း ဒီတစ်နှစ်ခွဲလုံးမှာ။ တစ်နှစ်ခွဲလောက် ဒီသက်တမ်း တစ်လျှောက်လုံးမှာ တစ်ခါမှ အခုလို မဲခွဲတဲ့ပုံစံမကြုံဖူးဘူး။ အခု ဒီတခါကတော့ တော်တော်လေးကို ရှင်းရှင်း ပြောရင် ရှုပ်ရှုပ်ထွေးထွေးနဲ့ ခက်ခက်ခဲခဲနဲ့ ဘာကိုဆုံးဖြတ်ရမလဲဆိုတာကို တော်တော်လေးကို ခက်ခဲစေတာတော့ အမှန်ပဲ။"

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တင်သွင်းတဲ့ "ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း"ကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

အရင်က ဥပဒေကြမ်းတခုခုကို မဲခွဲဆုံးဖြတ်တဲ့အခါ အစိုးရဘက်က တင်သွင်းတဲ့ ဥပဒေကြမ်းနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေဘက်က ပြင်ဆင်လိုတဲ့ အချက်တွေကို နှိုင်းယှဉ်ပြီး မဲခွဲကြတာ ဖြစ်ပါတယ်။

ဒီနေ့ ထူးခြားချက်က ပုဒ်မ ၆၆(ဃ) နဲ့ ပုဒ်မ ၆၆(ဂ) တွေကို ပယ်ဖျက်လိုတဲ့ ကိုယ်စားလှယ် တဦးချင်းစီရဲ့ အမည်ကို ခေါ်ပြီး အဲဒီအပေါ် ကန့်ကွက် သလား ထောက်ခံသလားဆိုတဲ့အပေါ် မဲခွဲဆုံးဖြတ်ခိုင်းတာဖြစ်ပါတယ်။ အဲဒီအဆင့်မှာ ပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ဖို့ဆိုတဲ့ဘက်က မဲအသာရပြီး အနိုင်ရရှိခဲ့ ပါတယ်။

သို့သော်လည်း နောက်တဆင့်မှာ ပယ်ဖျက်လိုတဲ့အချက် နဲ့ အစိုးရရဲ့ ဥပဒေကြမ်းအတိုင်း ထားရှိမယ်ဆိုတဲ့ နှစ်မျိုး အပေါ် ထပ်မံမဲခွဲဆုံးဖြတ်ပါတယ်။ အဲဒီအခါမှာ အစိုးရရဲ့ ဥပဒေကြမ်းအတိုင်း ထားရှိမယ်ဆိုတဲ့ဘက်က အနိုင်ရခဲ့ ပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ အဆင့်အဆင့် သွားရတဲ့အတွက် ကိုယ်စားလှယ်တချို့အကြား နားလည်မှုရှုပ်ထွေးရ တယ်လို့ ပြောပါတယ်။

အစိုးရရဲ့ ဥပဒေကြမ်းမှာ ပုဒ်မ ၆၆(ဃ) ကို အရင်ကလို မဟုတ်ဘဲ အာမခံပေးနိုင်သည့်ပြစ်မှုလို့ သတ်မှတ်ထားပါ တယ်။ ဒါ့အပြင် ပုဒ်မ ၆၆(ဃ) အရ အရေးယူဆောင်ရွက်မယ်ဆိုရင် တိုင်ချင်သူက တိုင်လို့မရဘဲ နစ်နာသူကိုယ် တိုင်ဖြစ်စေ ကိုယ်စားလှယ်လွဲှအပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းတာ မဟုတ်ရင် အရေးယူဆောင်ရွက်ခြင်းမပြု ရလို့ ပြဌာန်းထားပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ အမှုပေါင်း ၇၄ မှုရှိပြီး ၁၁ မှုက ပြစ်ဒဏ် ချမှတ်ပြီးဖြစ်ပါတယ်။ အဲဒီအမှုတွေထဲမှာ သတင်း မီဒီယာသမားတွေအပေါ် အရေးယူထားတဲ့ အမှု ၁၀ မှုရှိပြီး သတင်းသမား ၁၈ဦး တရားရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုသုတေသန အဖွဲ့က ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။