ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ဘိုကလေးမြို့မှာ ဆန္ဒပြတောင်းဆို


2014.03.25
section-59-305.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က အလုံမြို့နယ်ပြည်သူများ ဆန္ဒပြနေစဉ်
photo: RFA/ Kyaw Zaw Win

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကိုမပြင်ဖို့  ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက လမ်းလျှောက်တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဘိုကလေးမြို့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး ကျင်းပခဲ့တာပါ။

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လိုက်ရင် နိုင်ငံခြားသား သွေးနှော သူတွေပါ သမ္မတဖြစ်လာမှာ စိုးရိမ်တာကြောင့် ဒီဥပဒေကို မပြင်ချင်တာဖြစ်ကြောင်း ဘိုကလေးမြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အတွင်းရေးမှူး ဦးမောင်မောင်အေးက ပြောပါတယ်။

“အဓိကကတော့ ၅၉(စ)ကို ထောက်ခံတဲ့အကြောင်းပေါ့၊ နောက်အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရေးပေါ့၊ ၅၉(စ)ကို ပြင်လိုက်မယ်ဆိုရင် အမျိုး ဘာသာ သာသနာကို ထိခိုက်မယ်၊ နောက်တစ်ခါ သွေးစစ်တဲ့ခေါင်းဆောင်တွေ မပေါ်ပေါက်နိုင်ဘူးဆိုတဲ့ သဘောပါပဲ၊ ဒီဥပဒေကို ပြင်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ နိုင်ငံခြားသား သွေးနှောတဲ့သူတွေပါ သမ္မတအဖြစ် ဝင်ပြီးလုပ်ပိုင်ခွင့်ဖြစ်လာမှာ စိုးပါတယ်”

ဆန္ဒပြသူတွေဟာ ဘိုကလေးမြို့ အောင်စြင်္ကာဘုရားကနေ ရန်ကုန်၊ ဘိုကလေးလမ်းမကြီးအတိုင်း မြို့ပတ်လမ်းတစ်လျှောက် ပုဒ်မ ၅၉ (စ) ကိုထောက်ခံကြောင်း ကြွေးကြော်သံတွေအော်ပြီး အောင်စြင်္ကာဘုရားမှာ အဆုံးသတ်ခဲ့ပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နဲ့ (ဃ) တွေကို ပြင်ဆင်ပေးဖို့  ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တပ်မတော်က လူပုဂ္ဂိုလ်တွေသာ သမ္မတဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ပြဌာန်းချက်မျိုးကို မလိုလားတာကြောင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့  တောင်းဆိုတာဖြစ်တယ်လို့  ဆန္ဒပြရာမှာပါဝင်တဲ့ ပေါင်းတည်ဒေသခံ ကိုချစ်ကိုက ပြောပါတယ်။

“၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူက ဘယ်လိုမှ မလိုလားဘူးပေါ့နော်၊ နောက်ပုဒ်မ ၄၃၆ ကို အဓိကထားပါတယ်၊ နောက် ၅၉(စ)တို့ ၅၉(ဃ) တို့ ရှင်းရှင်းပြောရရင်တော့ စစ်တပ်ထဲကလူတွေသာ သမ္မတဖြစ်ရမယ်လို့ တစ်ဖက်စောင်းနင်းမျိုး ဥပဒေကို မလိုလားလို့ ကျနော်တို့ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ပြသတဲ့သဘောဖြစ်ပါတယ်”

အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို မကွေးမြို့မှာလည်းကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရာနဲ့ချီတဲ့ ဒေသခံတွေက လမ်းလျှောက်တောင်းဆိုရာမှာ ရဲတပ်ဖွဲ့က ၃ ကြိမ ်တားဆီးခဲ့တယ်လို့ သိရပါတယ်။

တခြားမြို့နယ်တွေမှာ ဆန္ဒပြတာတွေကို ခွင့်ပြုနေတဲ့အချိန် မကွေးမြို့မှာ တာဝန်ရှိသူတွေက ငြင်းပယ်ခဲ့တဲ့အတွက် မလိုလားအပ်တဲ့ အခြေအနေတွေမဖြစ်အောင် ၈၈မျိုးဆက်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေသခံတွေနဲ့ ပူးပေါင်းပါဝင်ရတာဖြစ်တယ်လို့ ဒီနေ့ မကွေးမြို့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချို ကပြောပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မကွေးမြို့ ကန်သာရပ်၊ အေးစေတီ ဘုရားဝန်းကနေ မြို့တစ်ပတ် စီတန်းလှည့်လည်ခဲ့ကြတာပါ။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဆန္ဒပြတာကို ခွင့်မပြုတာဟာ ရာဇဝတ်မှု၊ ရုန်းရင်းဆန်ခတ်မှုနဲ့ ယာဉ်တိုက်မှုတွေမဖြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မကွေးမြို့ဆန္ဒပြပွဲကို တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။