ထားဝယ်မှာ ပရဟိတလူငယ် ခုနစ်ဦး အဖမ်းခံရပြီး အဆက်အသွယ်မရသေး

တနင်္သာရီတိုင်း ထားဝယ်မြို့ ဝဲကျွန်းညောင်ရမ်းရပ်ကွက် ရေသိမ်လမ်းထဲက အိမ်တစ်ခုမှာ ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာခံရတဲ့ ပရဟိတလူငယ် ခုနစ်ယောက် ဒီနေ့ထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတစ်တွေက ပြောပါတယ်။

ပရဟိတ ဆေးကုသပေးနေတဲ့သူတွေဖြစ်ပြီး ဘာကြောင့် အဖမ်းခံရသလဲဆိုတာ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီး နှစ်ယောက်ပါတယ်။ သူတို့က အဲဒီမှာ ဆေးခန်း ဖွင့်ထားတာတော့ မဟုတ်ဘူး။ ဒီလို ပရဟိတလုပ်ငန်းတွေ လုပ်ဖို့အတွက် ငှားထား တဲ့အိမ်ပါ။ ကုသိုလ်ဖြစ်ဆေးခန်းက ဟိုရွေ့ဒီရွေ့ပြီးလုပ်နေတာ။ ပြီးတော့ ဘာကြောင့် အဖမ်းခံရလဲဆိုတာ မသိရဘူး။ သူတို့က ဆေးကုတာကို ပေါ်ပေါ်တင်တင်ပဲ တရားဝင် လုပ်နေကြသူတွေပါ”

ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီလောက်မှာ ကားနှစ်စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထဲမှာရှိတဲ့ လူအကုန်လုံးကို ကားပေါ်တင်ခေါ်သွားခဲ့ပြီး ဆေးခန်းအတွက် အသုံးပြုတဲ့ အရေးပေါ်ကားနဲ့ တခြားဆက်စပ်ပစ္စည်းတွေ အားလုံးကိုလည်း သိမ်းဆည်းသွားတယ်လို့ အဲဒီဒေသခံကပဲ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရှစ်ရက်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦးတို့ကတော့ ဇန်နဝါရီ ၂၅ ရက် မနေ့က ပြန်လည် လွတ်မြောက်လာပေမယ့် ပရဟိတ လူငယ် ခုနစ်ဦးရဲ့ သတင်းကိုတော့ အခုချိန်ထိ မကြား ရသေးပါဘူး။

ထားဝယ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရသူ ၃၀၀ ကျော် ရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ ထားဝယ်တက္ကသိုလ် ကျောင်းသားတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။