ရှမ်းမြောက်က အစိုးရစီမံကိန်းတွေကို စစ်ဘေးရှောင်တွေစိုးရိမ်
2019.12.05
ရှမ်းနဲ့ ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ရှိနေသလို မြေမြှပ်မိုင်းအန္တရာယ်တွေလည်း စိုးရိမ်နေရဆဲ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ဘဲဖြစ်နေချိန်မှာ ရှမ်းမြောက်ဒေသအတွင်းမှာ အစိုးရကအကောင်အထည် ဖော်မယ့် ရေကာတာစီမံကိန်းတွေ၊ မွေးမြူရေးဇုံ၊ စိုက်ပျိုးရေးဇုံ၊ စီးပွားရေးဇုံတွေနဲ့ တရုတ်နဲ့ ပူးပေါင်းလုပ်မယ့် ရထားလမ်းစီမံကိန်းတွေမှာ စစ်ဘေးရှောင်တွေရဲ့ မြေယာတွေ ပါသွားမှာကို စိုးရိမ်နေကြပါတယ်။
ရှမ်းမြောက်ဒေသမှာ ၂၀၁၁ နောက်ပိုင်း တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တိုက်ပွဲတွေရှိခဲ့သလို ၂၀၁၅ နောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲကြောင့် နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နဲ့ မန်ဝိန်းကြီးဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခုနှစ်ထောင်လောက်အထိရှိနေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ သူတို့နေထိုင်လုပ်ကိုင်ခဲ့တဲ့ မူလနေရာက မြေယာတွေအတွက် စိုးရိမ်သောကရောက်နေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကချင်ပြည်နယ်ဘက်ကနေ နမ့်ခမ်းမြို့နယ်က ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေ သူအချို့ နေရပ်ပြန်ကြတာရှိပေမယ့် အများစုကတော့ ဒီနေ့အထိ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။ ဒီအတွက် သူတို့ဒေသမှာ ကျန်ခဲ့တဲ့မြေယာတွေ စီမံကိန်းထဲပါမှာကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
အဓိကအားဖြင့် သူတို့ဒေသမှာ မြေယာတွေကို မိရိုးဖလာ အစဉ်အဆက်အတိုင်းသာ ထိန်းသိမ်းလာကြတာဖြစ်လို့ မြေယာနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ မရှိတဲ့အတွက် စီမံကိန်းတွေအကောင်အထည်ဖော်ရင် သူတို့လုပ်ကိုင်ခဲ့တဲ့ မြေယာတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြပါတယ်။
မြေယာဆုံးရှုံးသွားရင် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲရှိမှာကို စိုးရိမ်နေကြတာလို့ စစ်ဘေးရှောင်မြေယာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ နမ္မတူဒုက္ခသည်စခန်း က ဒေါ်နန်းဆိုင် က ပြောပါတယ်။
ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ချောင်းမှာ ရေကာတာစီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုတဲ့ သတင်းတွေအပြင် စိုက်ပျိုးရေးနဲ့မွေးမြူရေးဇုံတွေ အကောင်အထည်ဖော်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အစိုးရဘက်ကတော့ ဘာမှထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
စစ်ဘေးရှောင်တွေကတော့ လက်ရှိဒေသအတွင်း နယ်မြေမအေးချမ်းလို့သာ စီမံကိန်းတွေ အကောင်အထည်မဖော် သေးတာ ဖြစ်တယ်လို့ ယူဆနေကြပါတယ်။
တရုတ်ရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုစီမံကိန်းမှာ ပါဝင်တဲ့ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ အတွက်ကိုတော့ ဒေသခံတွေကို တွေ့ဆုံဆွေးနွေးနေတာရှိပါတယ်။
တရုတ်က မြန်မာနိုင်ငံကို ဖြတ်သန်းဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ပတ်သက်ပြီး ၂၀၁၇ မေလမှာ နှစ်နိုင်ငံ MOUရေးထိုးထားတာရှိပြီး လက်ရှိမှာ အဲဒီစီမံကိန်းတွေထဲက ရထားလမ်း စီမံကိန်းတွေအတွက် မူဆယ်-မန္တလေး-လားရှိုး ရထားလမ်းစီမံကိန်းကို လက်တွေ့ ကွင်းဆင်းတိုင်းတာတွေကို လုပ်ဆောင်နေတာတော့ရှိတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့စီမံကိန်းနဲ့ ဘဏ္ဍရေး ဝန်ကြီးဦးစိုးညွန့်လွင်က ပြောပါတယ်။
ဒါ့အပြင် တရုတ်ဘက်က လင်ချန်း၊ ချင်းရွှေဟော် လားရှိုးရထားလမ်းစီမံကိန်းကိုလည်း တောင်းဆိုထားတာရှိတယ် လို့ ဝန်ကြီးက ပြောပါတယ်။
ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရှမ်းမြောက်နဲ့ မန်ဝိန်းကြီးက စစ်ဘေးရှောင်စခန်း ၃၆ ခုက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများ မြေယာကော်မတီဟာ ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြီး အချက်လေးချက်ကို တောင်းဆိုလိုက်တာပါ။
အဲဒီအချက်တွေထဲမှာ စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ခင် သူတို့မြေယာတွေမှာ ဘာစီမံကိန်းမှမလုပ်ဖို့ စစ်ဘေးရှောင်တွေရဲ့ မူလမြေယာတွေမှာ သစ်တောကြိုးဝိုင်းလုပ်တာ မြေလွတ်မြေလပ်နဲ့ မြေရိုင်းအဖြစ် အသုံးပြုဖို့ သတ်မှတ်ပေးတာတွေမလုပ်ဖို့၊ စစ်ဘေးရှောင်တွေရဲ့ မူလနေရာတွေမှာ သစ်ခုတ်တာ၊ သတ္တုတူးတာ၊ သစ်တောထွက်ပစ္စည်းတွေ ထုတ်ယူတာတွေ မလုပ်ဖို့နဲ့ အကောင်အထည်ဖော်နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားမြေ အသုံးချမှုမူဝါဒ အပိုင်း (၈) ပါအချက်အရ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ဘိုးစဉ် ဘောင်ဆက် ရိုးရာဓလေ့ထုံးစံများကို အခြေခံပြီး အသုံးပြုလျှက်ရှိတဲ့ ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှုစနစ်အား အသိအမှတ်ပြုကာကွယ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်တာပါ။
တကယ်လို့သာ စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် စစ်ရှောင်တွေရဲ့ မူလနေထိုင်ရာဒေသတွေက မြေယာတွေပါသွားပြီး စစ်ရှောင်တွေ နေရပ်ပြန်ကြတဲ့အခါ လုပ်ကိုင်စားသောက်မယ့် မြေယာတွေမရှိတော့တဲ့ အခက်အခဲတွေ ရင်ဆိုင်ရဖွယ်ရှိပါတယ်။