ပင်လုံညီလာခံကို ကချင်နဲ့ ရှမ်း လက်နက်ကိုင် ခေါင်းဆောင်တွေ ကြိုဆို
2016.06.08
ကချင်နဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ အစည်းအဝေး ကျင်းပခဲ့စဉ်
ကချင်နဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ၂၁ ပင်လုံညီလာခံကို ကြိုဆိုကြောင်း ဒီကနေ့ သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP အဖွဲ့မှ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ဗိုလ်ချူပ် စိုင်းထူး ဦးဆောင်တဲ့ အဖွဲ့ဝင်တွေ တက်ရောက်ပြီး အခုလိုသဘောတူညီချက်ရခဲ့တာဖြစ်တယ်လို့ KIO ခေါင်းဆောင် ဗိုလ်ချူပ် ဂွန်မော် က သတင်းထောက်တွေကို ပြောဆိုပါတယ်။
"အဓိကကတော့ ကျနော်တို့ သဘောတူညီမှု ဆိုတာထက် ကျနော်တို့ရဲ့ သဘောထားအမြင်တွေ စုစည်းတာဖြစ် ပါတယ်၊ ဒီအခုကျင်းပမည့် ၂၁ ရာစု ပင်လုံ ကိုကျနော်တို့က ကြိုဆိုလက်ခံတဲ့ မှတ်တမ်းတွေရယ် နောက်ပြီးတော့ ဒီ ကျနော်တို့ မူလပင်လုံကို စပြီးလက်မှတ်ရေးထိုးခဲ့ကြတဲ့ ကျနော်တို့ ရှမ်း ကချင် ချင်း တိုင်းရင်းသားများက ဦးစွာတာဝန်သိသိနဲ့ ကျနော်တို့စပြီးမှ သုံးသပ်ချက်တွေလုပ် တယ်၊ နောက်လာမည့်အစည်းအဝေးမှာ ကျနော်တို့ ဘယ်လိုတက်ကြမလဲ လူထုကို ကျနော်တို့ဘယ်လို ချည်းကပ်မလဲ ဆိုတဲ့အပိုင်းတွေကို ကျနော်တို့ ဆွေးနွေးကြ တာ ဖြစ်ပါတယ်။ တူညီတဲ့ သဘောထား အမြင်ကတော့ဒီ ကျနော်တို့က ၂၁ ရာစု ပင်လုံ ညီလာခံ ကိုကြိုဆိုတယ်၊ ပင်လုံရဲ့ ဒီ အခြေခံ အနှစ်သာရ မပျောက်ပျက်ပဲနဲ့ ကျနော်တို့က ညှိနှိုင်းဆောင်ရွက်သွားမယ် လူထုကိုလည်း ကျနော်တို့က လိုအပ်တဲ့ တိုင်ပင်မှုတွေလုပ်ပြီးမှ ပြင်ဆင်သွားမယ်ဆိုတဲ့ သဘောထားတွေ ကျနော်တို့ မှတ်တမ်း တင်ထား ပါတယ်"
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ က ပင်လုံစာချူပ်ဟာ နက်နဲမှုရှိလှကြောင်း အစည်းအဝေး အပိတ်မိန့်ခွန်း ပြောဆိုသွားပါတယ်။
ဒီအစည်းအဝေးကို ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ကိုလည်း ဖိတ်ကြားခဲ့ရာမှာ သူတို့ မတက်ရောက်နိုင်ပေမယ့် အစည်းအဝေးက သဘောတူညီချက်တွေကို သဘောတူလက်ခံမယ်လို့ အကြောင်းကြားခဲ့ကြောင်းသိရပါတယ်။









