တပ်သားသစ် စုဆောင်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ ပြော
2017.10.10

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တပ်သားသစ်အဖြစ် ကေအိုင်အေ ဖမ်းခေါ်သွားသူ ၅၀ကျော်ကို ပြန်လွှတ်ပေးစေလိုတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ စိုင်းစန်းဝေ က ပြောပါတယ်။
ကေအိုင်အေဖမ်းခေါ်သွားသူတွေထဲက ပြန်လွတ်လာတဲ့ ရှမ်းလူငယ် ၆ ယောက်နဲ့ ဒီကနေ့ တွေ့ဆုံအပြီးမှာ စိုင်းစန်းဝေ က RFA ကို ပြောတာဖြစ်ပါတယ်။
"ကျနော်တို့ ရှမ်းလူမျိုးတွေကို ကေအိုင်အေက လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်ဆိုတာက ဒါ မဖြစ်သင့် ပါဘူး။ ရှမ်းရေးရာအဖွဲ့အနေနဲ့ကတော့ အဓိကတော့ ရှမ်းကိစ္စနဲ့ ပတ်သက်ပြီးမှ တကယ်တမ်းပြောရပေမယ့် ဘယ်သူမဆိုပြန်လွတ်စေချင်ပါတယ်။ လူအဖမ်းခံရတယ်ဆိုတာ ဒါ မိသားစုအတွက် ဝမ်းစာရှာဖွေတဲ့သူတွေ ဖြစ်တယ်။ အဲဒီတော့ ဒီလိုလူတစ်ယောက်ကိုဖမ်းသွားခြင်းအားဖြင့် ဒါ မိသားစုအတွက် စားရေးနေရေး ဒါအင်မတန်မှ ခက်ခဲသွားပါတယ်။ ဒီလို လူဖမ်းတာတို့၊ ဆက်ကြေးကောက်တာတို့ မဖြစ်စေချင်ပါဘူး။ အတူယှဉ်တွဲနေထိုင်သွားမယ်ဆိုကတည်းက ဒါတွေကတော့ လုပ်ကိုမလုပ်သင့်ပါဘူး"
အောက်တိုဘာ ၄ ရက်နေ့ညက ဆိုင်လော်၊ ကောင်ခမ်းစတဲ့ ရွာတွေက ရှမ်းတိုင်းရင်းသားတွေနဲ့အတူ ငှက်ပျောခြံ လုပ်သား ခန့်မှန်းအယောက် ၅၀ ကျော်လောက်ကို ကေအိုင်အေ တပ်ရင်း ၃ က ဖမ်းဆီးသွားတာဖြစ်ပါတယ်။
အဲဒီထဲက ဆိုင်လော် နဲ့ ကောင်ခမ်းရွာက ရှမ်းလူငယ် ၆ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ပြန်မလွတ်ဘဲ ကျန်နေသူ တွေထဲမှာ ဗမာ၊ ရခိုင် ၊ ကချင် စတဲ့တိုင်းရင်းသားတွေပါဝင်ပြီး အဲဒီအထဲမှာ အမျိုးသမီး ၃ ယောက်လောက်လည်း ပါတယ်လို့ သိရပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒေသခံတိုင်းရင်းသားပြည်သူတွေ အေးချမ်းစွာ သွားလာလုပ်ကိုင် စားသောက်နိုင်အောင် အကာအကွယ်ပေးမှုအပိုင်းမှာ အားနည်းကြောင်းလည်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ပြောပါတယ်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က လက်လှမ်းမီသလောက်ပြုစုထားတဲ့ မှတ်တမ်းတွေအရ ဒီနှစ်ပိုင်းတွေအတွင်းမှာ ကေအိုင်အေရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရတဲ့ ရှမ်းတိုင်းရင်းသား ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။
ကေအိုင်အေက လီဆူလူမျိုးတွေကို တပ်သားသစ်စုဆောင်းသလို ဆက်ကြေးကောက်တာတွေ၊ ဖမ်းဆီးသတ်ဖြတ် တာတွေရှိလို့ဆိုပြီး လီဆူတိုင်းရင်းသား အယောက်နှစ်ထောင်ကျော်က မြစ်ကြီးနားမြို့မှာ မေလ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။