ကျေးသီးမှာ SSPP နဲ့ RCSS တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

ရှမ်းပြည်နယ်၊ တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ SSPP ဘက်ကနေ UWSA ဝတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပေးတယ်ဆိုပြီး ဒေသခံ တွေကြားမှာ ပြောဆိုနေကြပေမယ့် SSPP နဲ့ UWSA ဘက်ကတာဝန်ရှိသူတွေကတော့ ငြင်းဆိုထားပါတယ်။

ကျေးသီးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်တွေအကြား ဇွန်လ ၃၀ ရက် မနေ့ နေ့လယ်ပိုင်း ၁ နာရီလောက်က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

"မနေ့ကတော့ ထပ်တိုးလာတယ် တိုးလာတယ်ဆိုတာက သူတို့ အိမ်ပြန်သွားတဲ့သူက ပြန်ယူလာတာလေ"

ကျေးသီးမြို့က အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသား တစ်ဦးက ကျေးသီးမြို့အပါအဝင် ကျေးရွာတွေမှာ ထွက်ပြေးရတဲ့သူဟာ တစ်ထောင်ကျော်ရှိတယ်လို့ ပြောပါတယ်။

“မနေ့ကတော့ ထပ်တိုးလာတယ် တိုးလာတယ်ဆိုတာက သူတို့ အိမ်ပြန်သွားတဲ့သူက ပြန်ယူလာတာလေ၊ ရွာဘက်တော့မဟုတ်ဘူး။ နောင်ဆွမ်းဘက်တော့ ငါးရာရှစ်ဆယ်ကျော် ရှိပြီပေါ့နော်။ နောင်ဟိုးကျောင်း ကျတော့ လေးရာ ကျော်၊ အကုန်လုံး တစ်ထောင်တော့ ကျော်သွားပြီဗျ၊ မနေ့က ဆယ့်နှစ်နာရီက ပြန်ဖြစ်တယ်ဗျ၊ ခြောက်နာရီ၊ ခုနစ်နာရီ အထိ အသံကြားရတုန်းတဲ့ ပြောတာလေ”

မြို့ပေါ်ဘုန်းကြီးကျောင်းတွေကို ထွက်ပြေးလာသူ ငါးရာလောက် ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ကျေးသီမြို့ခံ အမျိုးသမီး တစ်ဦးကလည်း RFA ကိုပြောပါတယ်။

“သူတို့ဖြစ်နေတာက ရွာဘက်မှာလေ။ အဲဒါကြောင့် ပြန်ရောက်လာပြီ မြို့ထဲကို ကျေးသီးမြို့ပေါ်က ဘုန်းကြီးကျောင်း သုံးနေရာမှာပဲ လောလောဆယ် ငါးရာလောက်ရှိနေပြီး မငြိမ်သေးဘူး၊ အခုမှ ပြန်စကြမှာဆိုတော့လေ”

ဒီရက်ပိုင်းအတွင်းမှာ မိုင်းနောင်ကနေ ကျေးသီးဘက်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဘယ်အဖွဲ့ကပိတ်ထားတယ်ဆိုတာကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ အဲဒီလမ်းပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် စစ်ကောင်စီတပ်တွေပါ လှုပ်ရှားနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ SSPP ဘက်က ကားတွေနဲ့ စစ်အင်အားထောင်နဲ့ချီ ဖြည့်တင်းခဲ့ပြီး ၀ စကားပြောတဲ့သူတွေ၊ တအာင်းပလောင် စကားပြောတဲ့ စစ်သားတွေပါတာ တွေ့ရတယ်လို့ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီအပေါ်မှာ အခြေခံပြီး လက်ရှိ SSPP နဲ့ RCSS တိုက်ပွဲအတွင်းမှာ UWSA ဝ စစ်သားတွေ၊ TNLA ပလောင် စစ်သားတွေ ပါတယ်ဆိုပြီး ဒေသခံတွေက ယုံကြည်နေကြတာလို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

RCSS ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းခမ်းစံကတော့ လက်ရှိတိုက်ပွဲဟာ လွိုင်ဟုန်းတောင်မှာ တပ်စွဲထားတဲ့ သူတို့ တပ်ဖွဲ့ကို SSPP က အင်အားအလုံးအရင်းနဲ့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ မနေ့ကအထိ အချိန်တစ်လအတွင်းမှာ တိုက်ပွဲတွေနေ့စဉ်လိုရှိနေပြီး အဲဒီတိုက်ပွဲတွေ အတွင်း ၀ စကားပြောတဲ့သူတွေပါတာနဲ့ UWSA တပ်ဖွဲ့ဝင်တွေပါတယ်လို့ မယူဆစေချင်ဘဲ SSPP တပ် အတွင်း ၀ စကားပြောတဲ့ စစ်သားတွေရှိကြောင်း ပြောပါတယ်။

SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန် ကတော့ အရင်က သူတို့တပ်ဖွဲ့ရဲ့ တပ်စခန်းကို RCSS က သိမ်းပိုက်ထားလို့ ပြန်လည်တိုက်ခိုက်ရတာဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ လွိုင်ဟုန်းတောင်ဟာ SSPP ဌာနချုပ် ဝမ်ဟိုင်းနဲ့ ဆယ်မိုင်လောက်ပဲ ကွာဝေးပြီး RCSS ဌာနချုပ် ဖြစ်တဲ့ လွိုင်တိုင်းလျန်နဲ့ဆို မိုင်နှစ်ရာကျော် ကွာဝေးတာကြောင့် ဘယ်သူက ကျူးကျော်တယ်ဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ လက်ရှိတိုက်ပွဲမှာ ဝတပ်ဖွဲ့တွေ မပါကြောင်းလည်းသူက ပြောဆိုပါတယ်။

“UWSA က ကျွန်တော်တို့က သံလွင်ချောင်းခြားပြီးတော့ မဟာမိတ်အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထား ပြီးသား ရှိတယ်၊ ဘယ်အဖွဲ့အစည်းမှ မကျူးကျော်ဘူးပေါ့လေ။ ဒါကတော့ ကျွန်တော်တို့ အခိုင်အမာ ပြောချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့အစည်းထဲမှာ ဝ ခေါင်းဆောင်တွေရှိတယ်၊ ၀ တပ်သားတွေ လည်း ရှိတယ်၊ ကျွန်တော်တို့ အဖွဲ့ အစည်းထဲမှာ လူမျိုးပေါင်းစုံရှိတာပေါ့လေ၊ ကျွန်တော်တို့ အဖွဲ့ အစည်းကို တမင်သက်သက်၊ ရည်ရွယ်ချက် ရှိရှိ စွပ်စွဲတယ်လို့ပဲ ပြောလိုပါတယ်။ လွိုင်ဟုန်းဆိုတာ ကျွန်တော်တို့ SSPP အရင်တုန်းကတည်းက လွှမ်းမိုးတဲ့ဒေသ ဖြစ်တယ်၊ ထိန်းချုပ်တဲ့ဒေသဖြစ်တယ်၊ NCA ကို အကြောင်းပြပြီးတော့ လက်မှတ်ထိုးပြီးနောက်ပိုင်း မှာ တစ်ဖက်သတ် ဒီလွိုင်းဟုန်းတောင်ကို စိုးမိုးအခြေချချင်တဲ့ သဘောရှိတယ်၊ ဒါကို ကျွန်တော်တို့ နယ်မြေဒေသကို ကာကွယ်တဲ့သဘောနဲ့ လုပ်နေခြင်းသာဖြစ်တယ်၊ ပြောမယ်ဆိုရင် RCSS ဌာနချုပ်နဲ့ မိုင်နှစ်ရာကျော် ဝေးပါတယ်။ ကျွန်တော်တို့ဌာနချုပ်နဲ့ဆိုရင် ဆယ်မိုင်ကျော်ကျော်ပဲ ရှိတယ်၊ ဒါကဘယ်သူကကျူးလွန်တယ်၊ ဘယ်သူကပြဿနာကို အစပြုတယ်ဆိုတာ သိသာတယ်လို့ ကျွန်တော်ပြောလိုပါတယ်”

အလားတူ UWSA ရဲ့ လားရှိုးရုံး တာဝန်ခံ ကိုညီရမ်း ကလည်း SSPP နဲ့ RCSS တပ်ဖွဲ့တွေမှာ ၀ လူမျိုး စစ်သားတွေ ရှိနိုင်ကြောင်း ဒီအတွက် ၀ စကားပြောတိုင်း UWSA စစ်သားတွေပါတယ်လို့ ပြောလို့မရကြောင်း RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ RCSS တပ်ဖွဲ့ဟာ ရှမ်းလူထု တောင်းဆိုချက်ကြောင့်ဆိုပြီး ဌာနချုပ်ရှိရာ ထိုင်းနယ်စပ် လွိုင်တိုင်းလျန်ကနေ ရှမ်းမြောက်ဒေသကို အင်အား ထောင်နဲ့ချီပြီး ဖြည့်တင်းဝင်ရောက်လာခဲ့တာပါ။

rcss.jpg
(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)

ဒီလိုဝင်ရောက်လာခဲ့ပြီး ၂၀၁၅ ကနေ၂၀၁၇ နှစ်ကုန်အထိ ရှမ်းပြည်နယ်အတွင်းက နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ၊ ကျောက်မဲမြို့နယ် တော့ဆန်၊ ညောင်မောင်းကျေးရွာ၊ နမ္မတူမြို့နယ်အတွင်းက ပန်လုံမန်ကျန်းရွာတွေမှာRCSS နဲ့TNLA တပ်တွေ နှစ်တိုင်းလိုလို တိုက်ပွဲပြင်းထန်ခဲ့ပြီး SSPP နဲ့ TNLA တပ်တွေရဲ့ စခန်းကုန်းတွေ စိုးမိုးလှုပ်ရှားရာ ကျေးရွာတွေကို RCSS က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ အရပ်သား သေဆုံးထိခိုက်တာ၊ နေအိမ်တွေ ပျက်စီးတာ၊ ရွာသားတွေ ဖမ်းဆီးခံရတာ၊ ပျောက်ဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းလူထုကြားထဲမှာလည်း RCSS ထောက်ခံတဲ့အုပ်စုနဲ့ SSPP ထောက်ခံတဲ့အုပ်စုဆိုပြီး ကွဲပြားလာခဲ့ပါတယ်။

၂၀၁၈ ဧပြီမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ TNLA တပ်တွေ ပူးပေါင်းခဲ့ပြီး နမ္မတူမြို့နယ် အတွင်းက RCSS သိမ်းပိုက်ထားတဲ့ သူတို့စခန်းတွေကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်လာနေတာပါ။

လက်ရှိမှာ RCSS နဲ့ SSPP တပ်ဖွဲ့တွေ တိုက်ပွဲဟာ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် တွေမှာ ထပ်မံဖြစ်ပွားလာနိုင်သလို ကျေးသီးမြို့နယ် အတွင်းမှာတော့ တိုက်ပွဲ ပိုပြင်းလာနိုင်ပြီး နေရပ်စွန့်ခွာ ရသူတွေ ပိုများလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

တိုက်ပွဲတွေရပ်ဖို့ နှစ်ဘက်တပ်တွေ တွေ့ဆုံရေး ရှမ်းလူထုက တောင်းဆိုနေပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်တွေ့ဆုံခဲ့မှုက ဒီနေ့အထိ ကောင်းမွန်တဲ့ရလဒ်တွေမရသေးဘူးလို့ SSPP နဲ့ RCSS တပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။