သင်္ဘောနစ်မြုပ်မှု အစိုးရအပေါ် စွပ်စွဲချက်အဆို ပြည်နယ် လွှတ်တော်ပယ်ချ

ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ် (၃) ရေယာဉ် နစ်မြုပ်မှုအတွက် ပြည်နယ် အစိုးရမှာ တာဝန်ရှိတာကြောင့် အစိုးရကို စွပ်စွဲပြစ် တင်ကြောင်းအဆိုကို ပြည်နယ် လွှတ်တော်ထံ တင်သွင်းဖို့ ကြိုးစားရာမှာ ပယ်ချခံလိုက်ရပါတယ်။

အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာ ကယ်ဆယ်ရေး ဆောင် ရွက်နေကြစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုအတွက် ပြည်နယ် အစိုးရမှာ တာဝန်ရှိ တာကြောင့် အစိုးရကို စွပ်စွဲပြစ်တင်ကြောင်းအဆို ကို ပြည်နယ် လွှတ်တော်ထံ တင်သွင်းဖို့ ကြိုးစားရာမှာ ပယ်ချခံလိုက်ရပါတယ်။

ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကွပ်ကဲတာကြောင့် ပြည်နယ်အစိုးရမှာ တာဝန် မရှိဘူးဆိုပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ က အစည်း အဝေးမကျင်းပခင်မှာ ပယ်ချလိုက်တာဖြစ်တယ်လို့ အဆိုတင်သွင်းဖို့ကြိုးစားတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောပါတယ်။

"အောင်တံခွန်သင်္ဘောမြုပ်တဲ့ပိုင်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့မှာ တာဝန်အရှိဆုံးဝန်ကြီးဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုအပြစ်တင်တဲ့ အဆိုတစ်ခုကို တင်သွင်းဖို့ကျနော်တို့ကြိုးစားကြပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ၄ပုံ ၁ ပုံကျော် လက်မှတ်ထိုးပြီး ဥက္ကဌဆီကိုတင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ပြည် နယ်အစိုးရအဖွဲ့က ဥပဒေအရသူတို့ကို တာဝန်ပြတ်ပြတ်သားသား ပေးထားမှုမရှိတဲ့အတွက်ကြောင့် ဒီအဆို ဟာပယ်ချခံရတဲ့ သဘောမျိုးဖြစ်သွားပါတယ် "

ပြည်သူ့လွှတ်တော်မှာ အောင်တံခွန်ရေယာဉ်နစ်မြုပ်မှုကို ပြည်ထောင်စုအဆင့်စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က တင်သွင်းခဲ့ပေမဲ့ ပယ်ချခံထားရပါတယ်။

အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးအုန်းတင်က ဒီနေ့ ထပ်မံတင်သွင်းရာမှာ အဆိုကိုလက်ခံလိုက်ပြီး လာမယ့်အပတ်ထဲမှာ ဆွေးနွေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အောင်တံခွန် အမှတ်(၃) ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူအရေအတွက်ကို အတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က အောင်တံခွန်ရေယာဉ်နစ်မြုပ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ အစီရင်ခံစာ တင်သွင်းရ မယ့် နေ့ရက်ကို နောက်ဆုတ်ပေးဖို့ ပြည်နယ်အစိုးရထံ တင်ပြလိုက်ပါတယ်။

အစီရင်ခံစာတင်သွင်းဖို့ ပေးထားတဲ့အချိန်က မလုံလောက်တာကြောင့် အခုလို ရက်ထပ်တိုးပေးဖို့ တင်ပြတာဖြစ်တယ် လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင် က ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံတဝှမ်းပြေးဆွဲနေတဲ့ နိုင်ငံပိုင်သင်္ဘောတွေအားလုံးကို စစ်ဆေးမှုတွေ စတင်ပြုလုပ်တော့ မယ်လို့ အစိုးရပိုင်သတင်း မီဒီယာတွေ ဖော်ပြပါတယ်။

လူ ၆၀ ကျော်သေဆုံးရတဲ့ ရခိုင်ပြည်နယ်က အောင်တံခွန်-၃ ရေယာဉ်နစ်မြုပ်မှုဖြစ်ပွား ပြီးနောက် အခုလို စစ်ဆေးမယ့် အစီအစဉ် ထွက်ပေါ်လာတာပါ။

နိုင်ငံတဝှမ်းက ရေလမ်းတွေမှာပြေးဆွဲနေတဲ့ တခြားသင်္ဘောတွေကိုပါစစ်ဆေးဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ် တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခရီးသည်တင်ရေယာဉ်တွေ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ခုတ်မောင်းနေကြတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇာဏီထွဏ်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

တဆက်တည်း မြန်မာနိုင်ငံတဝှမ်းမှာ ရေကြောင်းခရီးကို အဓိကအားထားသွား လာနေကြရတဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org