ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှှုကြောင့် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ တွီဗန်ကျေးရွာ အခြေစိုက် ရှေ့တန်းတပ်ရင်း ခလရ (၂၆၆) မှာ မေလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က တပ်တွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ရဲဘော်(၂) ဦးက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အရာရှိတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနဲ့ ရဲဘော် (၂) ဦး စုစုပေါင်း (၄) ဦး သေဆုံးခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ တွီဗန်ရွာမှာရှိတဲ့ တပ်ရင်းပေါ့နော်။ ညမှာ ဒုတပ်ကြပ်နဲ့ စစ်သားတွေက ရန်ဖြစ်တယ်လို့ ပြောပါတယ် ခင်ဗျ၊ ဒုတပ်ကြပ်က ရဲဘော်တစ်ယောက်ကို ပါးရိုက်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီ မကျေနပ်တော့ ဒီရဲဘော်နဲ့ သူ့သူငယ်ချင်း နောက်ရဲဘော်တစ်ယောက်တို့က ရဲဘော်၂ ယောက်ရယ်၊ ဒုတပ်ကြပ်ရယ်၊ ၂ ပွင့် ဗိုလ်တစ်ယောက်ရယ်ကို သေနတ်နဲ့ ပစ်လိုက်ပါတယ်။ ပြီးတော့ M16 ပေါ့နော်။ သေနတ်ရှည် ၄လက်ရယ်၊ ၂ ပွင့်ဗိုလ်ကိုင်ထားတဲ့ ပစ္စတို တစ်လက်ရယ်၊ ကျဉ်ကပ်၊ ကျဉ်တောင့် (၅၀၀) ကျော်ယူပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့ ထွက်သွားတယ်။”

ဒီလိုဖြစ်ပွားတာ ဟုတ်မှတ်ကြောင်း အဆိုပါ ရှေ့တန်းတပ်ရင်းရုံးမှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားလိုက်ပြီး သေဆုံးသူတွေကတော့ ဗိုလ်ရာဇာထွေး၊ ဒုတပ်ကြပ် ထွန်းထွန်း၊ တပ်သား ဇော်ဇော်လွင်နဲ့ ဝင်းကျော်တို့ ဖြစ်ကြပြီး ပစ်ခတ်ခဲ့သူတွေကတော့ တပ်သား အောင်ဇော်ဌေးနဲ့ လှိုင်ဝင်းကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်သူတွေကို ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။