ရွှေဘို ကျောက်မြောင်းက အရပ်သားတစ်ဦး စစ်ကြောရေးမှာ သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကျောက်မြောင်းမြို့မှာ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံရသူ လေးယောက် ထဲက အသက် ၄၂ နှစ်အရွယ် ကိုကျော်သူရဟာ အချိန် ၂၄ နာရီအတွင်း စစ်ကြောရေးမှာသေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကိုကျော်သူရ အပါအဝင် အမျိုးသား လေးယောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်း မှာ အလောင်းကို လာထုတ်ဖို့ စစ်ကောင်စီက မိသားစုထံ အကြောင်းကြားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖမ်းဆီးပြီးတော့ တပ်မ ၃၃ လက်အောက်ခံ၊ ခမရ ၁၂ ထဲကို ခေါ်သွားတာ။ ဘေးပတ်ဝန်းကျင် အိမ်တွေက ကြားရ တယ်။ ကယ်ကြပါဦးဗျာ။ မတရားနှိပ်စက်နေကြပါတယ်၊ ရိုက်နေကြပါပြီ အဲဒီလိုအော်သံတွေရော၊ စစ်တပ်က အော်ခိုင်းတဲ့ အရေးတော်ပုံ ကျဆုံးရမည် ဆိုတဲ့အသံတွေရော၊ အများကြီးကြားရတယ်။ ကျောက်မြောင်းမြို့လေးက ကျဉ်းကျဉ်းလေးရယ် အကျယ်ကြီး ကြားရတယ်"

ကိုကျော်သူရရဲ့ ရုပ်အလောင်းကိုတော့ မိသားစုက ထုတ်ယူခွင့်ရခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်း မှာ ကျောက်မြောင်းမြို့က သုဿန်မှာ သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။

ကိုကျော်သူရ သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကိုကျော်သူရနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဖိုးသောကြာ၊ ကိုကျော်ဇင်ဝင်းနဲ့ အမည်အတည်မပြုနိုင်သေးတဲ့ အခြားအမျိုးသား တစ်ယောက်တို့ဟာ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်က ဖမ်းဆီး၊ နှိပ်စက်မှုတွေကြောင့် စစ်ကြောရေး မှာ သေဆုံးခဲ့ရသူဟာ ကိုကျော်သူရ အပါအဝင် အယောက် ၁၀၀ ရှိနေပြီး အမှန်တကယ် သေဆုံးသူ အရေအတွက်က ပိုများနိုင်ပါတယ်။