ဒီကြားနာပွဲကို ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်း သံဃာ့ မဟာနာယကအဖွဲ့ရုံးမှာ မွန်းလွဲပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး ကာယကံရှင် ရွှေညဝါဆရာတော်ကိုလည်း ပင့်ဖိတ်ထားကြောင်း ရန်ကုန်တိုင်း သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ အကျိုးတော်ဆောင် ဆရာတော် ဦးဣဒ္ဓိပါလက အာအက်ဖ်အေကို မိန့်ပါတယ်။ “အရေးတော့ မယူပါဘူး။ နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးတွေက ကျောင်းကလည်း နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေ ပိုင်တဲ့ကျောင်းဖြစ်နေတော့ ဆရာတော်ကြီးတွေ ဆုံးဖြတ်ကြတာလေ။ နိုင်ငံတော် သံဃာ့မဟာနာယကက ဒါလေး ခေါ်ပြီး မေးပါဦးဆိုတော့ ခေါ်မေးဖို့ပါပဲ။ တခြားတော့ ဘာမှ အစီအစဉ်တော့ မရှိပါဘူး” ရွှေညဝါဆရာတော် ဦးပညာသီဟကတော့ ဒီကြားနာပွဲဟာ မိမိကို အရေးယူဖို့ အမိန့်ချမှာ ဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ကြားခဲ့ပါတယ်။ ရွှေညဝါဆရာတော်ဟာ မန္တလေးတိုင်း အန်အယ်လ်ဒီ ရုံးချုပ်က ဆွမ်းကပ်လှူဖို့ ပင့်ဖိတ်တဲ့ အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ “ပင်ဝါးရုံ” ဆိုတဲ့ သြဝါဒတရား ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွှေညဝါဆရာတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တစ်ကြိမ် သံဃာ့မဟာနာယက အဖွဲ့က အရေးယူဖို့ ပြင်ဆင်ခဲ့ပြီး ရွှေညဝါ ဆရာတော်က အသနားခံစာ တင်ခဲ့ပါတယ်။ အဲဒီ အသနားခံစာကို ဒီလ အစောပိုင်းမှာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ပယ်ချခဲ့ပြီးနောက် အခုလို အမိန့်ချဖို့ ဆင့်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ရွှေညဝါ ဆရာတော်ကို အာရ်အက်ဖ်အေ ကိုဉာဏ်ဝင်းအောင်က လျှောက်ထား မေးမြန်းထားတာ နားဆင်ပါ။
0:00 / 0:00