ရွှေဘို မြဝတီဘဏ် ဗုံးကွဲပြီး စစ်သားနှစ်ဦး ဒဏ်ရာရ

2021.07.23
ရွှေဘို မြဝတီဘဏ် ဗုံးကွဲပြီး စစ်သားနှစ်ဦး ဒဏ်ရာရ ရွှေဘိုမြို့ မြဝတီဘဏ်အနီး ဗုံးကွဲခဲ့တဲ့ နေရာကို ၂၀၂၁ ဇူလိုင် ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်တပ်ပိုင် မြဝတီဘဏ်ကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မနက်မှာ ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ဘဏ်မှာလုံခြုံရေးယူထားတဲ့ စစ်သားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဗုံးပေါက်ကွဲပြီး စစ်သားနှစ်ယောက် ဒဏ်ရာရတဲ့အကြောင်း ရွှေဘိုမြို့ခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

“မနက် စောစောကဖြစ်တာ။ အသံတော့ ကြားလိုက်ရတယ်။ စစ်သား နှစ်ယောက် ထိသွားတယ်တော့ ကြားတယ်။ အခုကတော့ မြို့က ပုံမှန်ပါပဲ”

ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်မှာလည်း ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ် နေတဲ့ အကြမ်းဖက်စစ်ကောင်စီပိုင် မြဝတီဘဏ် လုံခြုံရေးယူနေတဲ့သူတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက် ခဲ့တာဖြစ်ကြောင်း၊ စစ်သားနှစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်းနဲ့ သူတို့အဖွဲ့အနေနဲ့ NUG၊ EAOS၊ UG အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ရေးထားပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်သင်တန်းအမှတ်စဉ် (၁) ကို အခုလ ၄ ရက်နေ့က သင်တန်း ဆင်းပွဲ ကျင်းပနိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်သင်တန်းကို ဘယ်နေရာ ဘယ်ဒေသမှာ လုပ်ခဲ့သလဲဆိုတာကိုတော့ လုံခြုံရေးအခြေအနေရ အတိအကျ ဖော်ပြမထားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။