ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ


2013.10.11
shwelinpan-305.jpg လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြနေကြတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်လုပ်သားများကို အောက်တိုဘာလ ၁၁ ရက်နေ့ က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းမပေါ်မှာရှိတဲ့ စိုင်းမြင့်ထွန်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ၃ဝဝ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် အချက် ၁၅ ချက်ကို ဒီနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

အလုပ်သမားတွေ အဓိကထားတောင်းဆိုတဲ့အချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ မအေးစန္ဒာက အခုလို ပြောပါတယ်။

ကျမတို့ အဓိကတောင်းဆိုတာကတော့ အခြေခံလစာ တိုးမြှင့်ပေးဖို့ဖြစ်ပါတယ်၊ အခြေခံလစာကို သူဌေးဆီတိုင်ပင်တဲ့အခါမှာ သူ့ဘက်ကလုပ်ပေးဖို့ အစီအစဉ်မရှိပါဘူး၊ ပြီးတော့ အချိန်ပိုမဆင်းရဖို့ရယ်၊ နောက် supervisor တွေက အလုပ်သမားတွေအပေါ်မှာ ဆက်ဆံတာ အတော်မောက်မာတဲ့ ဆဲခြင်းဆိုခြင်း၊ အဆင့်အတန်းတွေကို ပြောဆိုခြင်း အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်ကြဘူး၊ ဒါတွေကို အဓိကတောင်းဆိုခြင်းဖြစ်ပါတယ်”

စိုင်းမြင့်ထွန်းအောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆ဝဝ ကျော်ရှိပြီး အလုပ်သမားအများစုဟာ လုပ်ခလစာနဲ့ အချိန်ပိုလုပ်အားခ စုစုပေါင်း ၈ဝဝဝဝ ကျော် ရရှိတယ်လို့ ဆန္ဒပြအလုပ်သမားတွေကဆိုပါတယ်။ လုပ်ခလစာ ဘယ်လောက်တိုးပေးရမယ်ဆိုတာကိုတော့ ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခြင်းမရှိပါဘူး။

အလားတူ ရွှေလင်ဗန်းစက်မှုဇုန် ဦးတရုတ်လမ်းနဲ့ ပန်းပဲခေါင်းမောင်ခက် လမ်းထောင့်မှာရှိတဲ့ ZKG BM 2 အထည်ချုပ်စက်ရုံက အလုပ်သမား ၄ဝဝ ကျော်ဟာလည်း လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ZKG စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ လက်ရှိအခြေခံလစာ ကျပ်လေးသောင်းကျော်သာရရှိပြီး တစ်လကိုတစ်သိန်းအထိတိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။