၂၀၂၀ အလွန်မှာ ညွန့်ပေါင်းအစိုးရသာ ဖြစ်လာနိုင်ဖွယ်ရှိဟု ဦးရွှေမန်း ပြောကြား

သီဟထွန်း၊ သက်စုအောင်
2020.06.18

၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုထဲက အနိုင်ရပြီး အစိုးရဖွဲ့ဖို့ ဖြစ်နိုင်ခြေ မရှိတော့ဘဲ၊ ညွန့်ပေါင်းအစိုးရသာ ဖြစ်နိုင်မယ်လို့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအဆင့် တာဝန်ယူခဲ့ဖူးတဲ့၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ လက်ရှိ အာဏာရပါတီ NLD- ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ခံ မုံရွာအောင်ရှင်ကတော့ ဒီအမြင်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အင်တာနက် အွန်လိုင်း Zoom ပရိုဂရမ်ကတဆင့် ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်း ကို လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု၊ မျှော်လင့်ချက်၊ ပါတီရန်ပုံငွေကိစ္စ၊ မိတ်ဖက်ပါတီတွေကို ဘယ်မူဝါဒနဲ့ ရွေးချယ်သွားမလဲ စတဲ့မေးခွန်းတွေကို သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

အဲဒီလိုမေးမြန်းတဲ့အခါ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌ ဦးရွှေမန်းက၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးတစ်ခုထဲက အနိုင်ရပြီး အစိုးရဖွဲ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်မြင်ချက်ပေးပါတယ်။

"နိုင်ငံမှာ ပြည်သူလူထုရဲ့ စီးပွားရေးအရ အခြေအနေ ဘယ်လိုရှိလဲ တက်နေလား ကျနေလား တန့်နေလား၊  အဲအတိုင်းပဲ ဒီနေ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စတွေကရော အခြေအနေဘယ်လိုလဲ အဲဒါပြီးတဲ့အခါ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက ဘယ်လိုလဲ၊ ပြီးတဲ့အခါ နိုင်ငံတကာဆက်ဆံရေး အခြေအနေက ဘယ်လိုလဲ၊ အဲဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုရွေး မလဲ ဆိုတဲ့ အဖြေတွေကပေါ်တယ်၊ ဒါကြောင့်မို့  ၂၀၂၀ မှာ ပါတီတစ်ခုထဲက အစိုးရဖွဲ့ဖို့ဆိုတာ တော်တော် ခဲယဉ်းသွားတယ်"

တိုင်းပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေး အခြေအနေ၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး စတဲ့ အခြေအနေတွေအရ ပါတီတစ်ခုထဲက အစိုးရဖွဲ့ဖို့ ခဲယဉ်းပြီး၊ ညွန့်ပေါင်းအစိုးရပုံစံမျိုးသာ ဖြစ်နိုင်မယ်လို့ ယူဆတယ်လို့ ဦးရွှေမန်းက ပြောပါတယ်။

NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ခံ မုံရွာအောင်ရှင် ကတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ ယူဆချက်ကို လက်မခံဘဲ၊ NLD ပါတီသာ အပြတ်အသတ် အနိုင်ရမယ်လို့ ပြောပါတယ်။

"ဦးရွှေမန်းရဲ့ သဘောထားပေါ့၊ ဦးရွှေမန်းရဲ့ ထင်မြင်ယူဆချက်ကို ကျနော် ဒါပယ်ချပါတယ်။ ဘာကြောင့် ပယ်ချသလဲဆိုတော့ ကျနော်တို့မှာ ညွန့်ပေါင်းအစိုးရ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒါတော့ ကျနော် သေသေ ချာချာပြောနိုင်ပါတယ်။ နောက်တစ်ချက်ကလေ ခု Covid 19 ကိစ္စပေါ်လာတဲ့အခါမှာ လူထုရဲ့ စည်းရုံးမှု ပေါ့လေ၊ နောက်တခါ အစိုးရရဲ့ ပံ့ပိုးကူညီမှု၊ နောက်ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ထိစပ်တဲ့လုပ်ငန်းတွေ လုပ်လာတဲ့အခါကျတော့ ကျနော်တို့အမြင်ကတော့ ဒီ Covid ကြောင့်ပဲ ပိုပြီးတော့တောင်မှ ကျနော်တို့အတွက် အခွင့်အလမ်းသာတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။"


UBP ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက သူ့ပါတီအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ မူဝါဒချမှတ်ထားပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းနိုင်မယ့်၊ မဲအရေအတွက် ၄၀ ဒါမှမဟုတ် ၅၀ ရာခိုင် နှုန်းလောက် အနိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၂၅ ခု ရှိတဲ့အထဲက၊ မြို့နယ် ၂၅၀ ကျော်မှာ ကိုယ်စားလှယ်လောင်း အနည်းဆုံး ၉၀၀ ဝန်းကျင်လောက်၊ ပါဝင်ယှဉ်ပြိုင်မယ်လို့လည်း ဦးရွှေမန်းက ပြောပါတယ်။ ငွေကြေးအနေနဲ့ကတော့ ရွေးကောက်ပွဲအတွက် မြန်မာကျပ်ငွေ ဘီလီယံနဲ့ချီ အသုံးပြုမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ပျော်ဘွယ်မြို့နယ် ပြ့ည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကတော့ ပါတီကြီးတစ်ခုခုက အပြတ်အသတ်နိုင်မလား၊ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ လက်ရှိအချိန်မှာ မခန့်မှန်းနိုင်ဘူးလို့ ပြောပါတယ်။

"NLD ပဲနိုင်မလား၊ ပြည်ခိုင်ဖြိုးပဲ နိုင်မလား ဆိုတာကတော့ ပြောရတာတော့ တော်တော်တော့ ဂွကျတယ်။ အားလုံးတော့ပါမှာပါပဲလေ။ ညွန့်ပေါင်းဆိုတဲ့ အသုံးအနှုန်းက ဘာဖြစ်လို့ ဦးရွှေမန်း သုံးလည်းမသိဘူး။ အမှန်တကယ်တော့ အစိုးရဖွဲ့တာ မဟုတ်တဲ့အတွက် ညွန့်ပေါင်းလို့ သုံးလို့မရဘူး အနိုင်ရတာကတော့ သူ့ပါတီ ကိုယ့်ပါတီ ပါကြမှာပဲလေ၊ တိုင်းရင်းသာတွေကလည်းပါမှာပဲ ကိုယ်တို့ USDP ကလည်းပါမှာပဲ NLD ကလည်းပါမှာပဲ ၊ ဒါပေမဲ့ မသေချာတာကတော့ NLD ကတော့ သိပ်ပြီးတော့ နည်းနည်းလူကြိုက်နည်း လာတဲ့ အတွက်တော့ နည်းနည်းတော့ အန္တရာယ်ရှိတာပေါ့နော်။"

ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်ဖို့ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ် ၅၁ ရာခိုင် နှုန်းခန့် အနိုင်ရဖို့လိုပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံရေးပါတီ ၁၄ ခုက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း အရေအတွက် ၆၅၀ ကျော် ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက ၅၈ ရာခိုင်နှုန်းကျော်နဲ့ ကိုယ်စားလှယ် အများဆုံးဖြစ်ပြီး၊ တပ်မတော်က ၂၅ ရာခိုင်နှုန်း၊ USDP က ၆ ရာခိုင်နှုန်းကျော်၊ ရခိုင်အမျိုးသားပါတီက ၃ ရာခိုင်နှုန်းကျော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂ ရာခိုင်နှုန်းကျော်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ရာခိုင်နှုန်းကျော်နဲ့ ကျန် ၁၀ ပါတီကတော့ ၁ ရာခိုင်နှုန်း မပြည့်တဲ့ အရေအတွက်ရှိပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ လာမယ့် ၂၀၂၀- ရွေးကောက်ပွဲမှာ NLD ပါတီက အများစုအနိုင်ရပြီး၊ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းတဲ့ အစိုးရတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

"ကျနော်တို့နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညွန့်ပေါင်းအစိုးရ Coalition Government စစ်စစ် ဖွဲ့စည်းနိုင်ဖို့ အနေအထားမရှိဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။ အဲတော့ဖြစ်လာနိုင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မိတ်ဖက်တိုင်းရင်းသားပါတီတွေ စုပေါင်းပြီးတော့ ဖွဲ့စည်း တဲ့အစိုးရပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ညွန့်ပေါင်းအစိုးရစစ်စစ် ပုံစံမျိုးဖြစ်လာဖို့မရှိဘဲ၊ အနိုင်ရတဲ့ပါတီကြီးတစ်ခုက တခြားတိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးသာ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

ရှမ်းပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ် ကတော့၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးပုံစံကို လက်ခံတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက RFA ကို ပြောခဲ့ဖူးပါတယ်။

လွှတ်တော်ထဲမှာ ရွေးကောက်ခံစရာမလိုဘဲ ရောက်ရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အတွက်၊ NLD ပါတီက ညွန့်ပေါင်းအစိုးရမူကို လက်ခံဖို့ ခက်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

လက်ရှိအနေအထားအရ လက်ရှိအာဏာရပါတီ NLD နဲ့ ပြိုင်ဘက်ပါတီကြီးတစ်ခုဖြစ်တဲ့ ကြံံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့က ညွန့်ပေါင်းအစိုးရမူကို စိတ်ဝင်စားပုံမပြဘဲ၊ လာမယ့်ရွေးကောက်ပွဲမှာ စတင်ယှဉ်ပြိုင်မယ့် ပါတီသစ်တွေနဲ့ တိုင်းရင်းသားပါတီတချို့ကသာ ဒီအပေါ်မှာ စိတ်ဝင်စားမှုရှိတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။