ရွှေမိပလပ်စတစ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ ကို လျော်ကြေးပေး အလုပ်ထုတ်
2017.03.10
ရွှေမိ ပလပ်စတစ်စက်ရုံ အလုပ်သမားတွေ ဓါတုဗေဒပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတယ်ဆိုပြီး တောင်းဆိုဆန္ဒပြနေ ကြတာကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ က ရွှေမိပလပ်စတစ်စက်ရုံရှေ့မှာ ၃ လကျော်ကြာ ထိုင်သပိတ် ပြုလုပ်ခဲ့တဲ့ အလုပ်သမား ၁၅၂ ဦးကို နစ်နာကြေး ငွေကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ပေးပြီး အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဥပဒေနဲ့ အညီ လုပ်သက်အလိုက် နစ်နာကြေးတွေနဲ့ နို့တစ်ကြေးတစ်လစာစီ ပေးတာဖြစ်ပြီး မိမိအနေ နဲ့ နို့တစ်ကြေးအပါအဝင် ၆ လစာ ရခဲ့တယ်လို့ လုပ်သက် ၇ နှစ်ကျော်ရှိတဲ့ အလုပ်သမား ကိုမျိုးဇော် က ပြောပါတယ်။
"မနေ့က အပြီးသတ် တစ်ခါတည်းလျော်ကြေး ရှင်းပေးလိုက်တယ် ခင်ဗျ၊ ၆ လ မပြည့်သေးရင် လဝက်စာ၊ ၂ နှစ်ပြည့်ပြီး ၃ နှစ်အပြည့်သေးရင် တစ်လခွဲစာ၊ ၃ နှစ်ပြည့်ပြီးတော့ ၄ နှစ်မပြည့်လို့ရှိရင် ၃ လစာ ဆိုတဲ့ဟာမျိုးတွေပေါ့နော်၊ သူက နှစ်အလိုက်သွားတယ်၊ နောက်ပြီးတော့ ကျနော်တို့ကို နို့တစ် တစ်လစာနဲ့ပေးတယ်၊ ကျနော်ကတော့ ၇ နှစ်နဲ့ ၇ လ ရှိတဲ့အတွက်ကြောင့်မို့လို့ ၅ လစာပေါ့၊ နို့တစ် တစ်လနဲ့ဆို ၆ လစာပေါ့နော်၊ အကုန်လုံး သိန်း ၁၃၀၀ ကျော်ကျော်လောက် သူလျော်ရတယ် လို့တော့ ပြောပါတယ်။"
မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးရုံးမှာ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ၃ ကြိမ်တိုင်တိုင် ညှိနှိုင်းခဲ့ကြပြီး အခုလို နစ်နာကြေးမယူရင်လည်း အလုပ်ပြန်ခန့်မယ့် အနေအထားလည်း မရှိတာကြောင့် သဘောတူလိုက်ရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံအလုပ်သမားတွေက ဓါတုပစ္စည်းတွေ အသုံးပြုပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက်အကြောင်း အမျိုးမျိုးကြောင့် အလုပ်ထွက်သွားသူတွေကို လုပ်သက် တစ်နှစ်ရှိရင် အခြေခံလစာတစ်လစာ ကျန်းမာရေးစရိတ်ပေးဖို့နဲ့ လုပ်သက်အလိုက် လစာတွေ သက်မှတ်ပေးဖို့ ၂၀၁၆ နိုဝင်ဘာလ ၂၈ ရက်နေ့ကစတင်ပြီး ၃ လ ကျော်ကြာ စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက ဓါတုဗေဒပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတယ်ဆိုပြီး ကျန်းမာရေးစရိတ် တောင်း ခံတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်သက်ရောက်မှု လေ့လာစမ်းစစ်ချက်(EIA/SIA ) စစ်ဆေးဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက်နဲ့ စက်ရုံယာယီပိတ်သိမ်းထားပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေမှာ လုပ်သက် ၁၉ နှစ်ကနေ အနည်းဆုံး လုပ်သက် ၁ လအထိ ရှိတဲ့ အလုပ်သမားတွေပါဝင်ပြီး လက်ရှိအဲဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း ၁၇၀ ကျော် ကျန်ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။









