အာဆီယံကို ဦးဆောင် ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို စင်္ကာပူ ဝန်ကြီးချုပ် မေတ္တာရပ်ခံ


2016.06.07
sg-pm-dassk-620.jpeg စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ဇွန်လ ၇ ရက်နေ့ က နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတကာကိစ္စရပ်တွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုယ်စား ဦးဆောင်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က မေတ္တာရပ်ခံခဲ့ပါတယ်။

စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong က နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဒီနေ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က စင်္ကာပူဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းချက်ကို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

"အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ဒေါ်စုရဲ့အခန်းကဏ္ဍပေါ့နော်၊ အဲ့ဒါကို တက် တက်ကြွကြွနဲ့ ပါဝင်ပေးဖို့ စင်္ကာပူဝန်ကြီးချုပ်က တောင်းဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ကလေးစားရတဲ့သူပါ၊  နိုင်ငံတကာစာမျက်နှာတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အာဆီယံက အဖွဲ့ အစည်းသေးသေးလေးဖြစ်နေတယ်၊ အာဆီယံကို ကိုယ်စားပြုမယ့် ဒေါ်အောင်ဆန်းစုကြည်ကနေ တက် တက်ကြွကြွနဲ့ ပါဝင်ပေးဖို့ တောင်းဆိုတာပါ"

မြန်မာနိုင်ငံသားတွေ စင်္ကာပူနိုင်ငံကို သွားတဲ့အခါ ကြိုတင်ဗီဇာလျှောက်စရာမလိုဘဲ တစ်လနေထိုင်ခွင့် ရရှိတော့မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စင်ကာပူလေကြောင်းလိုင်း မြန်မာနိုင်ငံက မြို့ကြီးတွေကို တိုက်ရိုက်ပျံသန်းနိုင်ရေး အပါအဝင် ခရီးသွားလုပ်ငန်း ဖံ့ွဖြိုးတိုးတက်ရေးကိုလည်း ဆွေးနွေးကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံရာမှာလည်း နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ပညာရေးမြှင့်တင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းကဏ္ဍတွေမှာ ပူးပေါင်းမြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတွေနဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။