စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း မြန်မာနိုင်ငံကို လာရောက်မည်

0:00 / 0:00

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ လာမယ့်ဇွန်လအတွင်း မြန်မာနိုင်ငံကို အလည်ပတ်လာရောက်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံကို သုံးရက်တာလာရောက်ခဲ့တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်က နေပြည်တော် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ စင်ကာပူ-မြန်မာ သက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်သင်ကျောင်းကို ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ တည်ထောင်ဖွင့်လှစ်ပေးတဲ့ အဲ့ဒီသင်တန်းကျောင်းဟာ မြန်မာလူငယ်တွေအတွက် သက်မွေး ဝမ်းကျောင်းဆိုင်ရာ အတတ်ပညာတွေကို လက်တွေ့လေ့ကျင့်သင်ကြားပေးမှာဖြစ်ကြောင်း၊ စီးပွားရေး နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာနေတဲ့ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ စီမံခန့်ခွဲမှုနဲ့ စက်မှုပညာ ဝန်ဆောင်မှုလုပ်ငန်း စတဲ့ နယ်ပယ်တွေအတွက် တစ်နှစ်ကို အလယ်အလတ်အဆင့် ကျွမ်းကျင်လုပ်သား ၈၀၀ မွေးထုတ်ပေးမယ်လို့ သိရပါတယ်။

စင်ကာပူဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအများဆုံး နိုင်ငံခြားရင်းနှီးမြုှပ်နှံသူဖြစ်ပြီး၊ ဒီနှစ်မတ်လအထိ အမေရိကန် ဒေါ်လာ ၁၈ ဘီလျံ ရင်းနှီးမြှုပ်နှံထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဦးသစ်ဆင်းက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။