စစ်တွေမှာ ARV ဆေးဝါးပြတ်လပ်

ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေက HIV/AIDS ဝေဒနာရှင်တွေဟာ ARV ဆေးဝါး ပြတ်လပ်သွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
2012-07-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

စစ်တွေမြို့ပေါ်မှာ ARV ဆေးဝါး ပြတ်လပ်ပြီး ဒုက္ခရောက်နေကြရတဲ့ အခြေအနေတွေကို AIDS ဒေနာရှင် တစ်ဦးဖြစ်တဲ့ ကိုဦးဘရွှေက RFA ကို အခုလိုပြောပါတယ်။

"ရခိုင်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခအတွင်းမှာ ကျွန်တော်တို့ HIV ဝေဒနာရှင်တွေက ARV ဆေးပြတ်လပ်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရပါတယ်။ တချို့ဆို နေမကောင်း ဖြစ်နေပြီး ဆေးခန်းက ဘယ်မှာသွားပြရမလဲ မသိဘူး ဖြစ်နေပါတယ်ခင်ဗျ။ တချို့ဆို ဆေးကဘယ်ကရမလဲ မသိဘူး၊ ဘယ်သူ လာပေးမလဲဆိုတာ မသိဘူး အဲဒီလို ဖြစ်နေကြတယ်။ တချို့ဆိုရင် သေဆုံးသွားတယ်။ တချို့ ကိုယ်ဝန်သည်မတွေဆိုရင် ကလေးမွေးဖို့ ဘယ်နား ဆေးစစ် ရမလဲမသိဘူး။ AIDS အဖွဲ့ကို သွားမေးကြည့်တော့လည်း ဟိုမှာက ကျွန်တော်တို့အတွက် ဆေးတွေက မရှိဘူး ဖြစ်နေတယ်"

စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေမှာ ARV ဆေးဝါး သုံးစွဲနေရတဲ့ AIDS ဝေဒနာရှင် စုစုပေါင်း (၃၃၀) ရှိနေပြီး အစိုးရက ဖြန့်ဝေပေးတဲ့ ARV ဆေးဝါးက လူ ၄၅ ယောက်စာပဲ ရှိတဲ့အတွက် ဝေဒနာရှင်တွေ အနေနဲ့ ဆေးအခမဲ့ ဖြန့်ဝေပေးနေတဲ့ နိုင်ငံခြား NGO တွေကိုပဲ အဓိက အားကိုးနေရတာ ဖြစ်တယ်လို့ ဝေဒနာရှင်တွေက ပြောပါတယ်။

ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး နိုင်ငံခြား NGO တချို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်း လိုက်ရတဲ့အတွက် AIDS ဝေဒနာရှင်တွေကို ပေးဝေနေတဲ့ ARV ဆေးဝါး လုံးဝ ပြတ်တောက် သွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ARV ဆေးဝါးဟာ AIDS ရောဂါ ဝေဒနာရှင်တွေ နေ့စဉ်နဲ့အမျှ အချိန်အတိအကျနဲ့ သောက်သုံးရတဲ့ ဆေးဝါးဖြစ်တဲ့အတွက် ဆေးပြတ်လပ် သွားတာနဲ့ HIV ရောဂါပိုး ပျံ့နှံ့မှု မြန်ဆန်လာပြီး မလိုလားအပ်တဲ့ ရောဂါ လက္ခဏာတွေ ဆက်တိုက် ဝင်ရောက် လာနိုင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကာလ အတွင်း အဲသည်လို ARV ဆေးဝါး ပြတ်လပ်မှုကြောင့် သေဆုံးသွားတဲ့ HIV/AIDS ဝေဒနာရှင် ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့