စစ်တွေက ဒုက္ခသည်တွေကို ရိက္ခာထောက်ပံမှု WFP လျှော့ချမည်
2017.08.17
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဒုက္ခသည်တွေကို အကူအညီတွေပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ စားနပ်ရိက္ခာအကူအညီအချို့ကို ဒီလကစပြီး ထက်ဝက်လျှော့ချတော့မယ်လို့ သိရပါတယ်။
အခုလို စားနပ်ရိက္ခာအကူအညီပေးတာတွေ လျှော့ချမယ့်ကိစ္စကို ဒီနေ့မှာ သိရတာဖြစ်ပြီး အဲဒီလို လျှော့ချလိုက်ရင် ဒုက္ခသည်တွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သဲချောင်းဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မ တီ ခေါင်းဆောင် ဦးမောင်မောင်စိန်က ပြောပါတယ်။
အခုလို စားနပ်ရိက္ခာအချို့ကို လျှော့ချလိုက်တဲ့အပေါ် ဖြစ်ပေါ်လာနိုင်တဲ့ စားနပ်ရိက္ခာ အခက်အခဲတွေကို ဖြေရှင်း သွားဖို့အတွက် စခန်းတာဝန်ရှိသူတွေ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သွားမယ်လို့လည်း ဦးမောင်မောင်စိန် က ပြောပါတယ်။
"သြဂုတ်လရယ် စက်တင်ဘာလရယ် ဆီနဲ့ ဆန် လျော့သွားတာပေါ့၊ ဟိုတုန်းက ၁ လီတာရတယ်၊ အခု ၁ လီတာ မရတော့ဘူး၊ ရိက္ခာလျော့တယ်ဆိုတာ ကျနော်တို့အတွက် မကောင်းတဲ့ကိစ္စဖြစ်ပါတယ်"
WFP ရဲ့ အသက် ၅ နှစ်အောက်ကလေးတွေအတွက် အာဟာရထောက်ပံ့မှု အစီအစဉ်မှာလည်း ကလေးတစ်ဦးစီ အတွက် မူလနှုန်းထားကနေ ထက်ဝက်လျှော့ချမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုတော့ အရင် အတိုင်း ဆက်လက်ထောက်ပံ့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အနေနဲ့ ရန်ပုံငွေအခြေအနေအရ နှစ်လစာကိုလျှော့ချမှာဖြစ်ပေမယ့် လာမယ့်လတွေ မှာ စားနပ်ရိက္ခာတွေကို အရင်နှုန်းထားတွေအတိုင်း ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် ရန်ပုံငွေရရှိရေးကို ပထမ ဦးစားပေးအနေနဲ့ လုပ်ဆောင်နေတဲ့အကြောင်း ဒုက္ခသည်စခန်းစီမံခန့်ခွဲရေး ကော်မတီတွေကို အကြောင်းကြား ထားတယ်လို့လည်း သိရပါတယ်။
အခုလို ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအချို့ကို လျှော့ချမယ့်ကိစ္စအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘာတွေစီစဉ်ထားလဲဆိုတာနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးကော်မတီ အတွင်းရေး မှူး ပြည်နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အဲဒီသတင်းကို မရရှိသေးဘူးလို့ပြောပါတယ်။
စစ်တွေမြို့နယ်မှာ သဲချောင်းဒုက္ခသည်စခန်းအပါအဝင် ဒါးပိုင်၊ အုန်းတောကြီး၊ သက္ကယ်ပြင် စတဲ့ ဒုက္ခသည်စခန်း ၁၄ ခုရှိပြီး မွတ်ဆလင်ဒုက္ခသည်ဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိတယ်လို့သိရပါတယ်။
အဲဒီဒုက္ခသည်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က အဓိက အကူအညီပေးနေတာဖြစ်ပါတယ်။