ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် တည်ထောင်ခွင့်ပြု
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ပြန်လည်တည်ထောင်ခွင့် ပြုလိုက်ကြောင်း မေလ ၈ ရက်နေ့ မနေ့က အကြောင်းကြား လာတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
-
2012-05-09 -
-
-
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်က ပြန်လွတ်လာသူ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကို တွေ့ရစဉ်။
Photo courtesy of Messenger Journal
SNLD ပြန်လည်တည်ထောင်ခွင့် ရဖို့အတွက် ပါတီအကြီးအကဲ ဦးခွန်ထွန်းဦး အပါအဝင် ပါတီတည်ထောင်လိုသူ ၁၅ ဦးအမည်နဲ့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ပါတီရဲ့ ဖွဲ့စည်းပုံ၊ အလံ၊ အမှတ်အသား စတာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမှာဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ပါတီရဲ့ ဦးဆောင်ကော်မတီတွေကို ရွေးချယ်ရမှာ ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ SNLD ပါတီဟာ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ဒုတိယအများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ခေါင်းဆောင်အတော်များများကို စစ်အစိုးရက ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပါတယ်။ ဦးခွန်ထွန်းဦးနဲ့ ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်လာပြီးမှာ အခုလို ပါတီမှတ်ပုံတင်ဖို့ ဖြစ်လာတာပါ။