ဆယ်တန်းကျောင်းသား ရိုက်နှက်ခံရမှု ပါဝင်သူတွေကို အရေးယူပေးဖို့ အမှုဖွင့်


2019.02.26
zawnaingnainghtay-622.jpg ရိုက်နှက်ခံရတဲ့ ကျောက်တော်မြို့က ဆယ်တန်းကျောင်းသား မောင်ဇော်နိုင်နိုင်ဌေး ကို တွေ့ရစဉ်
Photo: Saya U Than Tun

ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဆယ်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်မှုမှာ ပါဝင်တဲ့ အမှတ် ၅၃၉ တပ်ရင်းက တပ်မတော်သားတွေကို အရေးယူပေးဖို့ ဖခင်ဖြစ်သူက ကျောက်တော်မြို့မရဲစခန်းမှာ မနေ့က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဆယ်တန်း ကျောင်းသား မောင်ဇော်နိုင်နိုင်ဌေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဆိုင်ကယ်ဆီဖြည့်ပြီး ပြန်လာစဉ် အမှတ်-၃၇၅ တပ်ရင်းရှေ့နားက ကားလမ်းမပေါ်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အမှတ်- ၅၃၉ တပ်ရင်းမှာ ရိုက်နှက်ခံခဲ့ရတယ်လို့ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက RFA ကို ပြောပါတယ်။

"ကောင်းကင်သစ်ဆီဆိုင်ကနေအပြန် နောက်က တပ်ကားတစ်စီးဟာ ရှေ့ကပိတ်ရပ်ပြီးတော့ စစ်သား သုံးယောက် ဆင်းလာပြီး ကျွန်တော့သားကို ယာဘက်နားထင်ကို တည့်လည်းတည့်တယ်၊ ထုလည်းထုတယ်၊ လက်သီးနဲ့လည်းတစ်ချက်ပိတ်ရိုက်တယ်တဲ့။ ပြီးတော့ ကျွန်တော့သားကိုခေါ်ပြီး ကားပေါ်တင်သွားတယ်တဲ့။ ကားပေါ်တင်ပြီး ၅၃၉ တပ်ရင်းကိုခေါ်သွားတယ်။ ၅၃၉ တပ်ထဲရောက်ပြန်တော့လည်း သူ့ကိုရိုက်သေးတယ်တဲ့"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မောင်ဇော်နိုင်နိုင်ဌေး ဖမ်းဆီး ရိုက်နှက်ခံရမှုဟာ AA အဖွဲ့ရဲ့ လက်ချက်လို့ပြောဆိုပြီး AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အစိုးရတပ်မတော် ဘက်က သူတို့ရဲ့လုပ်ရပ်အပေါ် တာဝန်မယူတာတွေ့ရတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောပါတယ်။

ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှာနေထိုင်တဲ့ မောင်ဇော်နိုင်နိုင်ဌေး ဟာ "စစ်သားတွေလာတယ်၊ စစ်သားတွေလာတယ်" လို့ဂယောင်ချောက်ချား ကြောက်လန့်အော်ဟစ်ပြီး စိတ်မူမမှန်ဖြစ်နေတာကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ဒီနေ့အထိ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရိုက်နှက်မှုကို ကျူးလွန်ခဲ့တဲ့ အမှတ်- ၅၃၉ တပ်ရင်းက တပ်မတော်သားတွေကို အရေးယူပေးဖို့ ကျောက်တော်မြို့မရဲစခန်းမှာ မနေ့က ကိုယ်တိုင်သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ပြီး ရဲစခန်းကလည်း အမှုကိုလက်ခံ လိုက်တယ်လို့ ဦးရွှေစိန်ဦးက ပြောပါတယ်။

အမှုဖွင့်တာကို လက်ခံလိုက်တဲ့ ကျောက်တော်မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးလွင်ကို RFA က အကြိမ်ကြိမ်ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မောင်ဇော်နိုင်နိုင်ဌေးဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၄ နာရီလောက်ကနေ ၇ နာရီလောက်ထိ ချုပ်နှောင်ခံခဲ့ရပြီး သူ့ရဲ့ဆယ်တန်းစာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို ထုတ်ပြပြီးနောက်မှာမှ တပ်မတော်က ပြန်လွှတ်ပေးလိုက်တာလို့ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးကပြောပါတယ်။

အဲဒီနောက် အမှတ်-၅၃၉ တပ်ရင်းကနေ ဆိုင်ကယ်နဲ့ပြန်လာပြီး အဲဒီနေ့ ည ၇ နာရီခွဲခန့်အချိန်မှာ မြို့ပေါ်ကို မရောက်ခင် သူငယ်ချင်းဖြစ်သူရဲ့ အိမ်မှာ ညအိပ်ရပ်နားခဲ့တာလို့ ဆိုပါတယ်။

ပုဏ္ဏားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်ဝင်း က အခုလိုအတည်ပြုပါတယ်။

" ၅၃၉ တပ်ကလာတယ်လို့ပြောတယ်။ သူ့ကို ၅၃၉ က စစ်သားတွေက ပေါ်တာဖမ်းတဲ့ပုံစံမျိုးနဲ့ ခေါ်သွားတယ်လို့ ကျွန်တော့ကိုအဲလိုမျိုးပြောတယ်။ သူလွတ်လာတာကိုပြောတာက ဆယ်တန်းဖြေခွင့်ပြုထားတဲ့စာရွက်နဲ့ ပြန်လွတ်လာတာလို့ပြောတယ်"

နောက်တစ်နေ့မှာ သူ့ရဲ့မိဘတွေက သွားရောက်ခေါ်ယူခဲ့ပြီးနောက်မှ ဖြစ်စဉ်ကိုသိရှိခဲ့ရတာလို့ ဆိုပါတယ်။ ဖေဖော် ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ကျောက်တော်မြို့ဆေးရုံကို တင်ခဲ့ရသလို အခြေအနေတိုးတက်မလာတာကြောင့် နောက်တစ်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စစ်တွေပြည်သူ့ဆေးရုံကြီးကို တင်ဆောင်ပြီး ဆေးကုသမှုခံ ယူနေရတာလို့လည်း ဖခင်ဖြစ်သူက ပြောပါတယ်။

ဖခင်ဖြစ်သူက တပ်မတော်သားတွေကို အမှုဖွင့်လိုက်တဲ့ မနေ့က တစ်နေ့တည်းမှာပဲ အမှတ်-၃၇၅ တပ်ရင်းက ဗိုလ်ကြီးတစ်ဦးက ဦးရွှေစိန်ဦးနဲ့ ဒီကိစ္စအပေါ် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့ ကျောက်တော်မြို့ခံ ဦးကျော်လှမြင့်ကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ- ၅၀၅(ခ)နဲ့ ကျောက်တော်မြို့နယ် တရားရုံးမှာ အမှုဖွင့်လိုက် တယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရတဲ့ ဦးကျော်လှမြင့် က အခုလိုပြောပါတယ်။

"သူ့သားက အဲဒီအချိန်တုန်းက စစ်တပ်လာတယ်၊ စစ်တပ်စစ်တပ်၊ စစ်သားလာတယ်၊ စစ်သားစစ်သား ဆိုပြီးတော့ အဲဒီလိုအော်နေတယ်။ အဲဒီလိုနဲ့သတိကမရတော့ဘူး။ စကားပြောဖို့မရတော့ဘူး။ သူ့ကို လူနှစ်ယောက်က ပွေ့ချီပြီးတော့ကိုင်ထားရတယ်။ အဲဒီအချိန်မှာ သူ့အဖေက သူ့သားပြောပြတာလေးတွေကို သူ့အဖေက ကျွန်တော့ကိုပြောပြတာပါ။ ကျွန်တော့မှာတော့ ဘာမှမှားယွင်းချက်ရှိတယ်မထင်ဘူးဗျ။ သူတို့ဘက်က တမင်သက်သက် ရည်ရွယ်ချက်အပြည့်နဲ့ လုပ်တယ်လို့ပဲ ကျွန်တော်က ယုံကြည်ပါတယ်"

RFA က သီးခြားအတည်ပြုချက်အရ မောင်ဇော်နိုင်နိုင်ဌေးကို အမှတ်- ၃၇၅ တပ်ရင်းရှေ့က ကားလမ်းပေါ်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အသရေဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ- ၅၀၅(ခ)နဲ့ ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကိစ္စဟာ တပ်မတော်ရဲ့ လက်ချက် မဟုတ်ဘဲ AA အဖွဲ့ရဲ့ လက်ချက်လို့ RFA ကို မနေ့ကပြောဆိုခဲ့ပါတယ်။

"အွန်လိုင်းပေါ်ကဟာကို စစ်ဆေးပြီးပြီ။ ကျွန်တော်တို့ဆီက ဆယ်တန်းကျောင်းသားတစ်ယောက်ကို ဖမ်းပြီး စစ်ဆေးတယ် ဘာညာဆိုပြီးတော့ ပြီးရင်စကားမပြောနိုင်တော့ဘူး ဘာညာလုပ်တယ်။ အမှန်တကယ်ကတော့ ခေါ်သွားတဲ့လူတွေကလည်း အေအေအဖွဲ့အစည်းကပဲ။ ပြီးတော့မှ တပ်ကိုပဲလွှဲချတာပေါ့။ တကယ်တေ့တေ့ ဆိုင်ဆိုင် စစ်ဆေးကြည့်တော့လည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို ရဲစခန်းမှာ စစ်ဆေးကြည့်တော့ လိမ်တာပေါ်လာတာပဲ"

တပ်မတော်ဘက်က ပြောဆိုမှုနဲ့ပတ်သက်လို့ AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

"တော်တော်လေးကိုတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ပြောဆိုချက်လို့ပဲ ကျွန်တော်က အဲလိုပဲပြောချင်တယ်။ အဲဒီကလေးကလည်း ဘယ်သူခေါ်သွားတယ်ဆိုတာကိုပြောပြီးသား၊ သူ့အဖေကလည်းပြောပြီးသား။ ဆိုတော့ အဲဒါကိုအကုန်သူသိနေတဲ့ကိစ္စကို ဗမာ့တပ်မတော်ဘက်က အဲဒီလိုမျိုး သိက္ခာမရှိပြောတယ်ဆိုတဲ့ဥစ္စာကတော့ ဒါတော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ကိစ္စပဲဗျ"

စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ မောင်ဇော်နိုင်နိုင်ဌေးဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေ အထားမဟုတ်တဲ့အတွက် RFA က တွေ့ဆုံမေးမြန်းနိုင်ခဲ့ခြင်းမရှိပါဘူး။

စစ်တွေပြည်သူ့ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာထွန်းထွန်းဝင်းက မောင်ဇော်နိုင်နိုင်ဌေး ဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိပေမယ့် လိုအပ်တဲ့ကုသမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ RFA ကိုပြောပါတယ်။

ဒါ့အပြင် မောင်ဇော်နိုင်နိုင်ဌေးနဲ့ ပတ်သက်ပြီး ထူးခြားဖြစ်စဉ်တစ်ရပ်အနေနဲ့ ပြည်နယ်အဆင့်တာဝန်ရှိသူတွေထံ တင်ပြထားတယ်လို့လည်း ဒေါက်တာထွန်းထွန်းဝင်းက ပြောပါတယ်။

သူ့ရဲ့ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုတော့ အထက်တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရရှိမှ ပြန်လည်ဖြေကြားနိုင်မယ်လို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ဦးစိန်ရွှေဦး က သားဖြစ်သူနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ကျွန်တော့သားက ကျောင်းသားပဲလေ။ ကျွန်တော့သားကို မတော်မတရားရိုက်တာလေ။ ကျွန်တော့သားကို မတော်မတရားပြုမှုနဲ့ ဥပဒေအရအရေးယူပေးပါလို့ ဒီလိုပဲပြောချင်တယ်"

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် မသင်္ကာ တဲ့ဒေသခံတွေကို အစိုးရတပ်ဘက်က ခေါ်ယူစစ်ဆေးတာတွေရှိနေတဲ့ အခြေအနေပါ။

ဒီတိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဒီနေ့အထိ သေဆုံးသူ ၃ ဦးရှိနေသလို လက်နက်ကျည်နဲ့ လက်လုပ်မိုင်းထိမှန်တာ၊ ရိုက်နှက်ခံရတာတွေကြောင့် ဆေးကုသမှုခံယူရသူဟာ ၁၃ ဦးထက်မနည်းရှိနေပြီး ထွက်ပြေးနေရသူ ၈ထောင်ခန့်ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။