နမ္မတီးမြို့မှာ စစ်ကောင်စီက သေနတ်နဲ့ပစ်လို့ လူငယ်တစ်ဦးသေဆုံး
နမ္မတီးမြို့မှာ ၂၀၂၁ မေလ ၁၀ ရက်နေ့ညက စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် သေနတ်ထိမှန်ဒဏ်ရာရသူကို တွေ့ရစဉ်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှာ မေလ ၁၀ ရက်နေ့ မနေ့ည ၉ နာရီခွဲခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လမ်းမပေါ် သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် လူငယ်တစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ နမ္မတီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ည ၉ နာရီခွဲလောက်မှာ အပစ်ခံရတယ်။ ညတွင်းချင်းပဲ သေဆုံးသွားခဲ့တာပါ။ အလောင်းတောင် ကောက်ဖို့ ခွင့်မပြုခဲ့ပါဘူး"
မြို့မရပ်ကွက် သိန်းရာဇာစားသောက်ဆိုင်နဲ့ ချယ်ရီခေါက်ဆွဲဆိုင်တို့ရဲ့ကြားက လမ်းထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လမ်းပေါ်လာသူတွေကို သေနတ်နဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။ ဆိုင်ကယ်စီးလာတဲ့ ကိုလဂျူဂျာကွန်းကတော့ သေဆုံးခဲ့ပြီး သူဟာ မြစ်ကြီးနားမြို့မှာ နေထိုင်တာလို့ ဆိုပါတယ်။ နောက်ထပ် ဆိုင်ကယ်နဲ့ လာသူတွေကိုလည်း သေနတ်တွေနဲ့ပစ်ခတ်လို့ သုံးယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသွားသူရဲ့ မိသားစုကို အလောင်းလာထုတ်ယူဖို့ အကြောင်းကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က သူတို့ကို ဘာကြောင့် သေနတ်တွေနဲ့ ပစ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။









