မြန်မာရေတပ်ကို ဆိုနာစနစ်တစ်ခု တရားမဝင် ရောင်းချခဲ့ကြောင်း စင်ကာပူနိုင်ငံသား နှစ်ဦးဝန်ခံ

စင်ကာပူနိုင်ငံသား နှစ်ဦးက အာဏာသိမ်းမြန်မာစစ်ကောင်စီရေတပ်ကို မြန်မာကုမ္ပဏီ တစ်ခုကတစ်ဆင့် ဆိုနာ အသံလှိုင်းသုံးရှာဖွေရေးစနစ်တစ်ခု တရားမဝင် ရောင်းချခဲ့ကြောင်း တရားရုံးမှာ ဝန်ခံလိုက်ပါတယ်။

စင်ကာပူသတင်းစာတစ်စောင် (The Straits Times) မှာ သြဂုတ်လ ၂၈ ရက် ဒီနေ့ ဖော်ပြထားတဲ့ သတင်းအရ အဲဒီလူ နှစ်ဦးဟာ Hydronav Services ဆိုတဲ့ကုမ္ပဏီက အရောင်းမန်နေဂျာနဲ့ ညွှန်ကြားရေးမှူး တာဝန်ယူထားသူတွေဖြစ်ပြီး သူတို့ကို လိမ်လည်မှုပုဒ်မနဲ့ နည်းဗျူဟာလက်နက် ထိန်းချုပ်ရေးဥပဒေချိုးဖောက်မှုပုဒ်မ စုစုပေါင်း ပုဒ်မ နှစ်ခုနဲ့ စွဲချက်တင်ခဲ့ရာမှာ သြဂုတ်လ ၂၅ ရက် သောကြာနေ့က စွဲချက် နှစ်ခုလုံးအတွက်သူတို့က အပြစ်ရှိကြောင်းဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အသံလှိုင်းသုံးစနစ်ကို ပင်လယ်ကြမ်းပြင်မြေပုံဆွဲရာမှာ သုံးစွဲနိုင်ပြီး စင်ကာပူဒေါ်လာ နှစ်သန်း (US$1.58 Million) နဲ့ရောင်းချခဲ့ရာမှာ Myanmar Entity Light of Universe ဆိုတဲ့ မြန်မာကုမ္ပဏီတစ်ခုကတစ်ဆင့် စစ်ကောင်စီရေတပ်ကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

တရားခံတွေက အဲဒီပစ္စည်းကို အင်ဒိုနီးရှားကုမ္ပဏီတစ်ခုကို ရောင်းချမှာဖြစ်တယ်လို့ မူရင်းပစ္စည်းရောင်းချတဲ့ နော်ဝေကုမ္ပဏီ (Kongsberg Maritime) ကို လိမ်ညာခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုအတွက် တရားခံတွေကို ဒဏ်ငွေချမှတ်ရာမှာ ရောင်းချတဲ့ စင်ကာပူ ကုမ္ပဏီကိုလည်း စင်ကာပူဒေါ်လာ တစ်သန်းချမှတ်ဖို့ အစိုးရရှေ့နေတွေက တရားရုံးကို တင်ပြတောင်းခံထားတယ်လို့လည်း သိရပါတယ်။