ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့အထိ အရပ်သား ၅၁၆ ဦး သေဆုံးခဲ့တယ်လို့ အဲဒီစာရင်းတွေကို လစဉ်မှတ်တမ်းပြုစုနေတဲ့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခြင်းခံရသူ ၃၇၅ ဦးရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ဘေးရှောင်ရင်း လက်နက်ကြီးထိမှန်တာ၊ လေကြောင်းတိုက်ခိုက်ခံရတာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်လို့ သေဆုံးခဲ့ရသူက ၁၄၁ ဦးရှိတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲပေါင်း ၇၆၆ ကြိမ်ဖြစ်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၃၁၀ ဦး သေဆုံးခဲ့တယ်လို့လည်း PKPF ကဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ၂၂၃၀ ဦးအထိသေဆုံးခဲ့တယ်လို့ PKPF ကဖော်ပြထားပေမယ့် ဒီအပေါ်မှာ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၅၇၂ ကြိမ်အထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အအုံ ၃၉ လုံးပျက်စီးခဲ့ပြီး လူနေအိမ် ၁၆၉၃ လုံး ပျက်စီးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်